ခမောက်ကြီးမြို့မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် လသားအရွယ်ကလေးငယ်အပါအဝင် အရပ်သား ၆ ဦးကိုဖမ်းဆီး၊ နေအိမ်တစ်ဆောင်ကို မီးရှို့
ခမောက်ကြီးမြို့မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် လသားအရွယ်ကလေးငယ်အပါအဝင် အရပ်သား ၆ ဦးကိုဖမ်းဆီး၊ နေအိမ်တစ်ဆောင်ကို မီးရှို့

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့က ကျေးရွာတချို့မှာ လသားအရွယ်ကလေးငယ်အပါအဝင် အရပ်သားတွေကို ဖမ်းဆီးပြီး လူနေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ ဖြစ်စဉ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွါးခဲ့ပါတယ်။
အခုလ ၈ ရက်နေ့က ဖော့သုတ်ကျေးရွာက ဦးသိန်းကြည်နဲ့ ဒေါ်အိုသီးပိုင် ရော်ဘာခြံထဲက နေအိမ်ကို စစ်ကောင်စီတပ်သားတွေက ညနေ ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့သလို အဲဒီနေ့ ည ၁၀ နာရီလောက်မှာပဲ ခမောက်ကြီးမြို့ အမှတ်(၄)ရပ်ကွက်က သားအမိနှစ်ဦးကို ဖမ်းဆီးခဲ့တာတွေ ရှိခဲ့ပါတယ်။
ရှစ်လသားအရွယ်ကလေးငယ်နဲ့ အသက် ၂၈ နှစ်အရွယ်ရှိ မိခင်ဖြစ်သူ မအေးအေးမာတို့ကိုစစ်ကောင်စီတပ်သားအင်အား ၂၀ ခန့်က ဖမ်းဆီးကာ ခမောက်ကြီးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၀) ကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို တိုက်ပွဲသတင်းတွေပေးနေတာဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခေါ်သွားတာလို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် မနေ့က မနက် ၆ နာရီလောက်မှာလည်း အေးချမ်းသာကျေးရွာ အဝင်၊ အထွက်ကို စစ်ကောင်စီတပ်သားအင်အား ၃၀ လောက်က အုပ်စုနှစ်ဖွဲ့ခွဲကာ ပိတ်ဆို့စစ်ဆေးနေချိန် အသက် ၂၀ ခန့်အရွယ် ကိုစိုးလွင်၊ အသက် ၁၇ နှစ်ခန့်အရွယ် ကိုဝက်ကြီးနဲ့ ဖော့သုတ်ရွာသားဖြစ်တဲ့ အသက် ၂၀ခန့်အရွယ်ရှိ လူငယ်တို့ကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖုန်းတွေအစစ်ဆေးခံရပြီး မသင်္ကာစရာအချက်တွေ့တယ်ဆိုပြီးဖမ်းဆီးလိုက်တာ။လို့ ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အေးချမ်းသာရွာက ရော်ဘာလုပ်ငန်းလုပ်ကိုင်နေတဲ့ အသက် ၅၀ နှစ်အရွယ် ဦးချွတ်ကို သူ့ရဲ့နေအိမ်မှာဝင်ဖမ်းပြီး သူပိုင်ဆိုင်တဲ့ ရော်ဘာတင်ကားနဲ့ ဘေးတွဲဆိုင်ကယ်ကိုပါ သိမ်းယူသွားတယ်လို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက သူ့ကားနဲ့တော်လှန်ရေးအဖွဲ့တွေကို ခေါ်လာတယ်ဆိုပြီးသိမ်းသွားတာ။ ဘေးတွဲကလည်း စားနပ်ရိက္ခာတွေပို့ပေးနေတယ်ဆိုပြီး အကုန်သိမ်းသွားတာ။ လို့ ပြောပါတယ်။
ဖမ်းဆီးထားတဲ့ အရပ်သားတွေနဲ့ သိမ်းဆည်းထားတဲ့ ယာဉ်တွေကို မနေ့က ညနေပိုင်းမှာပဲ ခမောက်ကြီးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၀)ဆီ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
မနေ့ကစပြီး ခမောက်ကြီးမြို့အတွင်းက မာရမ်းရွာ၊ အေးချမ်းသာရွာ၊ ဖော့သုတ်ကျေးရွာတွေက လမ်းဆုံလမ်းခွတွေ၊ ဥယျာဉ်ခြံတွေမှာ ကင်းပုန်းဝပ်ထားတာတွေရှိနေပြီး အင်အား ၁၀၀ ခန့်နဲ့ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်တွေဟာ အခုလ ၈ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်က ခမောက်ကြီးမြို့၊ ဖော့သုတ်ကျေးရွာသင်္ချိုင်းအနီးမှာ အင်အား ၂၀ ခန့်ရှိတဲ့ စစ်ကောင်စီ ခြေလျင်ရှေ့ပြေးအဖွဲ့ ကို ကော့သောင်း(ပကဖ)က စောင့်ကြိုတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပြီးနောက်မှာ အခုလိုလုပ်ဆောင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လ ပထမအပတ်ကလည်း ခမောက်ကြီးမြို့ မာရမ်းကျေးရွာနဲ့ အောင်ချမ်းသာရွာက အမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ဒီကနေ့ထိ ပြန်မလွတ်မြောက်လာသေးပါဘူး။
The Tanintharyi Times