လောင်းလုံးမှာတိုက်ပွဲဖြစ်ပြီးနောက် စစ်‌ကောင်စီက အင်အားထပ်ဖြည့်ပြီးစစ်ကြောင်းထိုးနေ

လောင်းလုံးမှာတိုက်ပွဲဖြစ်ပြီးနောက် စစ်‌ကောင်စီက အင်အားထပ်ဖြည့်ပြီးစစ်ကြောင်းထိုးနေ

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက အင်အားထပ်တိုးပြီး စစ်ကြောင်းထိုးနေတယ်လို့ ‌‌ဒေသခံတွေက ပြောပါတယ်။

လောင်းလုံးမြို့နယ်၊ ကရင်ကြီးရွာဘက်ကို ဝင်လာတဲ့ အင်အား ၈၀ ဝန်းကျင်ပါ စစ်​ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲပြီးကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ မောင်းမကန်ရဲစခန်းကလည်း ပစ်ခတ်သံနဲ့ပေါက်ကွဲသံတွေထွက်ပေါ် ခဲ့ပါတယ်။

နေ့လယ်ပိုင်းမှာတော့ လောင်းလုံးမြို့ပေါ်က စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေ မြေတင်ကားနှစ်စီးနဲ့ သဗျာကျေးရွာဘက်ကို ရောက်ရှိလာခဲ့ပါတယ်။ အင်အား ၄၀ ကျော်ပါလာပြီး သဗျာရွာအနောက်ဘက်က တောထဲကိုစစ်ကြောင်းထိုး သွားလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သဗျာကစစ်သားတွေက ရိက္ခာတွေပါလာချထားတယ်။ ရေရှည်တပ်စွဲမယ့်ပုံပါ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့ကတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ ဒီနေ့မနက်ပိုင်းမှာ ကမ်းပနီရွာကိုရောက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွာထဲက နေအိမ်တဆောင်ကိုလည်းမီးရှို့ထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းကြောင့် လောင်းလုံးမြို့နယ်က ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ နဲ့ ကမ်းပနီရွာက ဒေသခံအများအပြား နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဓိကပြေးနေရတာက စစ်ကြောင်းဝင်ပြီး လူတွေကို လူသားဒိုင်းလိုဖမ်းနေလို့ပဲဗျ။ မနေ့ကလည်း တရွာဝင်ရင်တခါဖမ်းတယ်” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း စတင်ဝင်ရောက်လာတဲ့ အခုလ ၈ ရက်နေ့ကစလို့ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးရွာတွေက ​ဒေသခံ ၁၀ ဦးထက်မနည်းကိုလူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး အများစုကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ကတိုက်ပွဲဲဖြစ်ပွားနေချိန် ခမရ (၁၀၄)တပ်ရင်းရှေ့က မောင်းမကန်လမ်းကိုစစ်ကောင်စီတပ်ကပိတ်ချခဲ့သလို ကမျောကင်းတံတားစစ်ဆေးရေးဂိတ်ကလည်း အစစ်အဆေးတင်းကြပ်ခဲ့ပါတယ်။

လောင်းလုံးမြို့နယ်မှာ အခုလအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာနဲ့ နယ်မြေရှင်းလင်းတာတွေ ပြီးခဲ့တဲ့လကထက် ပိုလုပ်လာတယ်လို့ သိရပါတယ်။

The Tanintharyi Times