ပျုစောထီးအဖွဲ့ဝင်တစ်ဦး လောင်းလုံးမြို့ပေါ်မှာ ပစ်ခတ်ခံရ

ပျုစောထီးအဖွဲ့ဝင်တစ်ဦး လောင်းလုံးမြို့ပေါ်မှာ ပစ်ခတ်ခံရ

Photo - လောင်းလုံးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ(ပုံဟောင်းဖြစ်ပါတယ်။)

လောင်းလုံးမြို့ပေါ်၊ (ဂ) ရပ်ကွက်မှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ​​မြို့ခံတွေထံကနေ သိရပါတယ်။

ပစ်ခတ်ခံရသူဟာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေရဲ့ကားကိုမောင်းနှင်ပို့ဆောင်ပေးနေတဲ့ ပျူစောထီးအဖွဲ့ဝင် ကိုမင်းဝါဖြစ်တယ်လို့ သိရပါတယ်။

ကိုမင်းဝါဟာ ဒီကနေ့မနက် ၈ နာရီခွဲလောက်က ထော်လာဂျီနဲ့လာတဲ့အချိန် သေနတ် နဲ့ ၅ချက်ခန့် ပစ်ခံလိုက်ရတာဖြစ်ပြီး သူ့ကိုထိပေမဲ့ သွေးရူး သွေးတန်း ထပြေးသွားတယ်လို့ ဒေသခံအချို့က သူတို့ကြားသိရတာကို တဆင့်ပြန်ပြောပြပါတယ်။

လောင်းလုံးမြို့ခံတစ်ဦးကတော့ ” သူကတော်တော်ဆိုးသွမ်းတဲ့သူပါ။ အရက်မူးလာရင် အကုန်ပတ်ရမ်းပြီး ဖမ်းခိုင်းမယ်လို့ခြိမ်းခြောက်တာ။ စစ်ကား၊ ရဲကားတွေ မောင်းပေးတယ်။ လမ်းပြဆိုလည်း ဟုတ်တာပေါ့။ ဖမ်းဆီးတဲ့အချိန်တွေဆိုလည်း ပါတယ်။ နေတာကလည်း စစ်သားတွေ၊ ရဲတွေနဲ့ အတူတူနေတယ်” လို့ပြောပါတယ်။

၎င်းအပစ်ခံရပြီး သိပ်မကြာခင်မှာပဲ လူနာတင်အရေးပေါ်ကားနဲ့ ထားဝယ်မြို့ကိုတင်ဆောင်သွားတယ်လို့ သိရပါတယ်။ သူသေဆုံးခြင်းရှိ၊ မရှိနဲ့ ဒဏ်ရာရရှိမှု အခြေအနေကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

သူ့ကိုဘယ်သူ၊ ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။

ပစ်ခတ်ခံရတဲ့နေရာကိုတော့ စစ်ကောင်စီတပ်သားနဲ့ရဲတွေရောက်ရှိလာပြီး ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။

The Tanintharyi Times