ကရင်နီမှာ ရေဘေးကြောင့် ဒေသခံသုံးသောင်းနီးပါး အကူအညီလိုအပ်

ကရင်နီမှာ ရေဘေးကြောင့် ဒေသခံသုံးသောင်းနီးပါး အကူအညီလိုအပ်

ကရင်နီပြည်မှာ ရေဘေး အပါအဝင် အခြားသဘာဝဘေးတွေကြောင့် လက်ရှိအချိန်အထိ အကူအညီလိုအပ်နေသေးတဲ့ ပြည်သူ သုံးသောင်း နီးပါး ရှိနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ပါတယ်။

ကရင်နီမှာ အချိန် ၁ လကြာ ရေကြီးရေနစ်မြှုပ်မှုဒဏ်ကို ခံစားနေရပြီး တချို့မြို့နယ်တွေမှာ ရေပြန်ကျသွားပေမယ့် လွိုင်ကော်၊ နန်းမယ်ခုံ၊ ဖယ်ခုံ (မိုးဗြဲ)၊ မယ်စဲ့ စတဲ့ မြို့နယ်တွေမှာ စံချိန်တင် ရေဆက်လက်မြင့်တက်နေဆဲ ဖြစ်ပြီး ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေ၊ ရပ်ကွက်နဲ့ လယ်ခင်းတွေမှာ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများလာတယ်လို့ IEC က ထုတ်ပြန်ထားတာပါ။

ရေကြီးရေလျှံမှုကြောင့် စပါးခင်းနဲ့ စိုက်ပျိုးသီးနှံခင်း ဧကပေါင်း ၁၀,၀၀၀ ကျော် ပျက်စီးသွားသလို လူနေအိမ် ၂,၀၀၀ နီးပါးလည်း နစ်မြုပ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကတည်းက ကရင်နီဒေသရှိ မြို့နယ် ၁၀ မြို့နယ်မှာ ရေကြီးမှု မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ကျေးရွာ ၅၄ ရွာ၊ စစ်ရှောင်စခန်း ၁၆ ခုဟာ ယင်းသဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း IEC ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး ဌာနက စာရင်းကောက်ယူရရှိထားပါတယ်။

လွိုင်ကော်မြို့မှာတော့ သဘာဝဘေးဒဏ် ခံစားရတဲ့ လူဦးရေ ၁၆,၀၀၀ ကျော်ရှိပြီး ဖယ်ခုံမှာ ၆၅၀၀ ကျော်၊ ဒီးမော့ဆို အရှေ့ခြမ်းမှာ ၂၅၀၀ ကျော် ရှိခဲ့ပါတယ်။

IEC အနေနဲ့ ရေဘေးသင့်ပြည်သူများ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ အရေးပေါ်အကူအညီ ထောက်ပံ့ရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးအတွက် ပျက်စီးဆုံးရှုံးမှု အချက်အလက်ကောက်ယူ စုဆောင်းခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေဘေးသင့်ပြည်သူ ၁၃,၀၀၀ ကျော်အတွက် အခြေခံစားနပ်ရိက္ခာတွေကို ဖြန့်ဝေတာ၊ ယာယီတဲဆောက်လုပ်ရေးအတွက် အမိုးအကာတွေကို ပံ့ပိုးတာ၊ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးအတွက် အရေးကြီးတဲ့ လောင်စာဆီတွေကို ပံ့ပိုးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ရေကြီးရေလျှံမှု၊ လမ်းတံတားပျက်စီးမှု၊ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေကြောင့် ကရင်နီပြည်သူတွေဟာ စားနပ်ရိက္ခာ၊ မီးဖိုချောင်သုံးပစ္စည်း၊ မိသားစုသုံးပစ္စည်း၊ သန့်ရှင်းရေးသုံးပစ္စည်း၊ အမိုးအကာ၊ ဆေးဝါး၊ ကယ်ဆယ်ရေးကိရိယာတွေကို ရရှိဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဒေသတွင်း ကုန်စည်စီးဆင်းမှု ပြန်တောက်လုနီးပါး ဖြစ်သွားရပြီး ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာမှုဟာ ကြီးမားတဲ့ စိန်ခေါ်ချက်ဖြစ်သလို စိုက်ပျိုးတောင်သူတွေကလည်း ရင်းနှီးမတည်ထားတဲ့ စိုက်ပျိုးရေးလုပ်ငန်း ပျက်စီးဆုံးရှုံးခဲ့ရတာကြောင့် စားဝတ်နေရေး ပိုမိုကြပ်တည်းလာတယ်လို့ IEC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

The Tanintharyi Times