ကုလအထွေထွေ ညီလာခံမှာ ဦးကျော်မိုးထွန်းကို တရားဝင်ကိုယ်စားလှယ် ပြန်ထားဖို့ တောင်းဆိုချက် လက်မှတ် ၃ သိန်းကျော် ရထားပြီ
ကုလအထွေထွေ ညီလာခံမှာ ဦးကျော်မိုးထွန်းကို တရားဝင်ကိုယ်စားလှယ် ပြန်ထားဖို့ တောင်းဆိုချက် လက်မှတ် ၃ သိန်းကျော် ရထားပြီ
မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ဦးကျော်မိုးထွန်းကို လာမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရားဝင်ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ပြီး ညီလာခံ တက်ရောက်ခွင့်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ ကမ်ပိန်းတစ်ခု ပြုလုပ်နေကြပါတယ်။
အဆိုပါ ကမ်ပိန်းမှာ လက်ရှိအချိန်အထိ ပြည်သူ့လက်မှတ်ပေါင်း ၃ သိန်းခွဲလောက် ရရှိထားတာကို တွေ့ရပါတယ်။
မြန်မာစစ်တပ်က အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲ ငြင်းပယ်ဖို့၊ လက်ရှိတရားဝင်ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ခန့်အပ်ပြီး ညီလာခံတက်ရောက်ခွင့်ပေးဖို့ ဒီနှစ်ချက်ကို တောင်းဆိုတာ ဖြစ်ပြီး ပြည်သူ့လက်မှတ်တွေနဲ့အတူ ကုလသမဂ္ဂအထွေထွေညီလာခံ အချက်အလက်အထောက်အထားဆိုင်ရာ ကော်မတီကို ပေးဖို့သွားမယ်လို့ အဆိုပါကမ်ပိန်းမှာ ဖော်ပြထားပါတယ်။
အဲ့ဒီကမ်ပိန်းကို ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး Global Myanmar Spring Revolution အပါအဝင် တော်လှန်ရေးအဖွဲ့ပေါင်း ၉ ဖွဲ့တို့က လှုပ်ရှားဆောင်ရွက်နေကြတာပါ။
လူထုတရပ်လုံးရဲ့ အသံအစစ်အမှန်ကို လူထုကိုယ်စားပြုပြောကြားပေးမယ့် ဦးကျော်မိုးထွန်းလို ကိုယ်စားလှယ်အစစ်အမှန်ကိုသာ မြန်မာပြည်သူလူထုက အရေးတကြီးလိုအပ်နေပြီး ကုလသမဂ္ဂအနေနဲ့ သန်း ၅၀ သော မြန်မာပြည်သူတွေရဲ့ အသံကို လျစ်လျူမရှုဘဲ လူသားဆန်စွာ ဦးကျော်မိုးထွန်းကိုသာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုဖို့ ဆန္ဒပြုတောင်းဆိုပါတယ်လို့ ရေးသားထားပါတယ်။
ကုသသံအမတ် ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲ Credential Campaign ကို ပြည်သူအားလုံးက ဝိုင်းဝန်းပြီးတော့ မြေပြင်မှာရော အွန်လိုင်းမှာပါ လူထုတိုက်ပွဲ လူထုလှုပ်ရှားမှုတွေ ဆင်နွှဲကြဖို့ လိုအပ်တယ်လို့လည်း ပြည်သူတွေကို တိုက်တွန်းတောင်းဆိုထားပါတယ်။
ကုလသမဂ္ဂရဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM မှာ မြန်မာစစ်တပ်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်ကျူးလွန်ထားတဲ့ သက်သေအထောက်အထားပေါင်း ၃ သန်းကျော် ရှိနေပြီး ဒီသတင်းအချက်အလက်ကို အရင်းအမြစ် ၂၀၀ ကျော်ကနေ ရရှိထားတယ်လို့ သိရပါတယ်။
IIMM က ရရှိထားတဲ့ အထောက်အထားတွေအရ မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး မြန်မာပြည်သူတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၁၉ လကြာလာတဲ့အထိ စစ်ကောင်စီကို လုံးဝ အသိအမှတ်မပြု လက်မခံဘဲ ခုခံတော်လှန်နေဆဲ ဖြစ်တယ်လို့ ကုလအထွေထွေညီလာခံဆီ ပေးပို့သွားမယ့် တောင်းဆိုချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကို အခု စက်တင်ဘာလ ၁၈ နဲ့ ၁၉ ရက်တွေမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
The Tanintharyi Times
