“ တစ်ပတ်တာ မြန်မာ ”
“ တစ်ပတ်တာ မြန်မာ ”
နိုင်ငံတဝှမ်းမှာ ဩဂုတ် ၃ ရက်ကနေ ၉ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၉ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
၁။ ဝနဲ့ မိုင်းလားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အဖွဲ့သွား
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ဝ အထူးဒေသ ၂ နဲ့ အထူးဒေသ ၄ မိုင်းလားကို အခုလ ၆ ရက်က စတင်ပြီး လေးရက်ကြာ သွားရောက်ခဲ့ပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ဘက်က ပထမဆုံးအကြိမ် သွားတာပါ။ ရှမ်းပြည်ဝန်ကြီးချုပ်ဦးအောင်အောင်ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှာ ရှမ်းပြည်နယ်စစ်ဆင်ရေးအတွက် အဓိကတာဝန်ရှိတဲ့ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်ပြီး ၂၀၂၄ ခုနှစ်ကမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူပါ။ ရှမ်းဝန်ကြီးချုပ်ဟာ အထူးဒေသ နှစ်ခုကို ဖွံ့ဖြိုးရေးခေါင်းစဥ်နဲ့သွားခဲ့ပေမဲ့ စစ်ခေါင်းဆောင်င်ရဲ့ အထူးတာဝန်ပေးချက်အရ သွားခဲ့တာလို့ ဘီဘီစီက သတင်ရေးထားပါတယ်။

၂။ ဝေါ်လေရှိ DKBA စစ်ရေးချုပ်အိမ်ကို စစ်ကော်မရှင်တပ်က အသေခံဒရုန်းနဲ့ ဗုံးချတိုက်ခိုက်
မြဝတီမြို့တောင်ဘက်၊ ဝေါ်လေမြိုင်ဒေသရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းရဲ့ နေအိမ်ကို ကာမီကာဇေ အသေခံဒရုန်းနဲ့ စစ်ကော်မရှင်(စစ်ကောင်စီ)ဘက်က ဗုံးသီးချ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KIC က သတင်းဖော်ပြပါတယ်။ ဝေါ်လေဗျူဟာကုန်းပေါ်ကနေ ဝေါ်လေမြိုင်မြို့ထဲကို အဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်မှုများလာပြီးနောက် အခုလ ၃ ရက်၊ ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲ ခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ လူထိခိုက်မှု မရှိပေမယ့် အိမ်ပေါ်တည့်တည့်ကို ဗုံးကျခဲ့လို့ အိမ်ခေါင်းမိုးတွေ ပျက်ဆီးသွားခဲ့ပါတယ်။
၃။ ဘားအံမှာ ဒေါ်လာသန်း ၇၀ ကျော်ကုန်ကျမယ့် ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်မယ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လက္ခဏကျေးရွာနဲ့ တောင်ကလေးကျေးရွာမှာ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်ကုန်ကျမယ့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားဖို့ အာဏာသိမ်းစစ်တပ်က စီစဉ်နေပါတယ်။ လက္ခဏကျေးရွာရဲ့ မြေဧရိယာ (၃၂၀) ဧကနဲ့ တောင်ကလေးကျေးရွာရဲ့ဧကမြေ (၄၀) ပေါ်မှာ ၈၀ မဂ္ဂဝပ်နဲ့ ၁၀ မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ပေးမယ့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်ကို ရင်းနှီးမြှုပ်နှံထားပြီး Zeya & Associates ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်သွားမယ်လို့ KIC က ရေးသားထားပါတယ်။ တစ်နှစ်ခွဲအတွင်း စက်ရုံလည်ပတ်၊ ဓာတ်အားပေးနိုင်ဖို့ အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။ လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို Zeya & Associates ကုမ္ပဏီက နှစ် ၂၀ ၊ ထပ်မံပြီး ၁၀ နှစ်အထိ သက်တမ်းတိုးမြှင့်နိုင်ကာ စုစုပေါင်း နှစ် ၃၀ လုပ်ပိုင်ခွင့်ပေးထားတယ်လို့ KIC က သတင်းရေးထားပါတယ်။
၄။ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့၌ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနား ပြုလုပ်
၈၈၈၈ လူထုအရေးတော်ပုံ ၃၇ နှစ်ပြည့် အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ တစ်နေရာမှာ အခုလ ၈ ရက်က ပြုလုပ်ခဲ့ပါတယ်။ ရွှေဝါရောင် သံဃာ ကွန်ရက်၊ ၈၈ မျိုးဆက် နိုင်ငံရေးသမားများ၊ ဗကသ၊ တကသ ကျောင်းသားမဂ္ဂ အဖွဲ့ဝင်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး-ABSDF၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-NLD ပါတီဝင်တွေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ KIC သတင်းအရသိရပါတယ်။ ၃၇ နှစ်မြောက် ၈၈၈၈ လေးလုံးလူထုအရေးတော်ပုံအခမ်းအနားကို ပြည်တွင်း၊ ပြည်ပ နေရာဒေသအသီးသီးမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြုလုပ်ခဲ့ကြပါတယ်။
၅။ မြန်မာစာတန်းထိုးနဲ့ ရုပ်ရှင်ကြည့်နိုင်တဲ့ အပလီကေးရှင်း ၂ ခု ပိတ်သိမ်းခံရ
နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို မြန်မာစာတန်းထိုးနဲ့ ကြည့်နိုင်တဲ့ အပလီကေးရှင်း နှစ်ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အမြဲတမ်းရုပ်သိမ်းပြီး တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကော်မရှင်(စစ်ကောင်စီ)ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားတဲ့ AWS+ နဲ့ cmapp.tv တို့ဟာ စိစစ်ရေးအဖွဲ့ကို တင်ပြထားခြင်း မရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို သူတို့ရဲ့ အက်ပလီကေးရှင်းတွေမှာ လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိခဲ့တယ်လို့ အကြောင်းပြပါတယ်။ အဲ့ဒီ အက်ပလီကေးရှင်းတွေက မြန်မာဇတ်ကားကလွဲလို့ ရုပ်ရှင်အစုံလင်တစုတစည်းပြသတဲ့ အက်ပလီကေးရှင်းတွေ ဖြစ်သလို ဘောလုံးပွဲတွေလည်း ကြည့်ရှုနိုင်ပါတယ်။
၆။ အာဏာသိမ်းစစ်တပ်ရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်အာဏာသိမ်းစစ်တပ်က တင်မြောက်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ အခုလ ၇ ရက် မနက်ပိုင်း ၈ နာရီ ၂၈ မိနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ နိုင်ငံတော် စျာပနအဖြစ်ကျင်းပမယ်လို့ ထုတ်ပြန်ထားပါတယ်။အာရုံကြော နှေးကွေးတုန့်ဆိုင်းတဲ့ရောဂါ၊ အဲဒီရောဂါနဲ့ဆက်စပ်တဲ့ အာရုံကြောအားနည်းတဲ့ရောဂါတွေကြောင့် နေပြည်တော် အမှတ် -၂ စစ်ဆေးရုံမှာ အထူးကြပ်မတ် ကုသမှု ခံယူနေရတယ်လို့ သတင်းထုတ်ပြန်ပြီး ၁ ရက်အကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဦးမြင့်ဆွေဟာ စင်္ကာပူနိုင်ငံက မောင့် အဲလိဇဘတ် ဆေးစင်တာနဲ့ အမှတ် -၂ စစ်ဆေးရုံမှာ ပြီးခဲ့တဲ့နှစ် တစ်နှစ်တည်းမှာပဲ အကြိမ်ကြိမ်ဆေးကုသမှုခံယူထားရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကျန်းမာရေး ကြောင့် ယာယီသမ္မတ (တာဝန်) ကို ဦးမြင့်ဆွေကနေ စစ်ခေါင်းဆောင်ကို လွှဲအပ်ထားတာပါ။ ဦးမြင့်ဆွေက သေဆုံးချိန်မှာ အသက် ၇၅ နှစ်ရှိပြီ ဖြစ်ပါတယ်။
၇။ ပို့ကုန်ရငွေ ပြန်မသွင်းလို့ အမည်ပျက်စာရင်းဝင်သူတွေကို ပြည်ပထွက်ခွင့်ပိတ်
ပို့ကုန်ရငွေ ပြန်မသွင်းလို့ အမည်ပျက်စာရင်း(Blacklist) ထည့်ခံထားရသူတွေကို ပြည်ပထွက်ခွင့် ပိတ်ထားတယ်လို့ ဘီဘီစီက သတင်းရေးထားပါတယ်။ Blacklist ထည်ခံထားရတဲ့သူတွေကို လေဆိပ်က ထွက်ခွင့်မပေးဘဲ၊ ဗဟိုဘဏ်၊ ပြည်ထဲရေး၊ လဝက အဆင့်ဆင့် ရှင်းလင်း တင်ပြပြီးမှ ခွင့်ပြုမှာလို့ သတင်းအရင်းအမြစ်က ပြောထားပါတယ်။
နိုင်ငံပြင်ပထွက်ခွာခွင့်ပိတ်ရုံသာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းတာတော့မရှိဘူးလို့ ဆိုပါတယ်။
ဗဟိုဘဏ်က ကုမ္ပဏီ ၁၉၇ ခုကို ပို့ကုန်ရငွေ ပြန်မသွင်းလို့ ဆိုပြီး ဇူလိုင် ၁ ရက်နေ့မှာ Blacklist အမည်ပျက်စာရင်း သွင်းထားပါတယ်။
၈။ အာဆီယံ လေးနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ မြန်မာကို လာမယ်
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဒ် ဟာဆန် ဦးဆောင်တဲ့ လေးနိုင်ငံကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို စက်တင်ဘာလမှာ လာဖို့ စီစဉ်ထားပါတယ်။ စစ်တပ်က ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် အစီအစဉ်တွေကို အဲဒီ ခရီးစဉ်အတွင်း အာဆီယံ ကိုယ်စားလှယ် အဖွဲ့ က မေးမြန်းရယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြီးခဲ့တဲ့ လကုန်မှာပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ထံ စစ်ကော်မရှင်(စစ်ကောင်စီ)ထံ အာဏာပြန်အပ်ထားပါတယ်။

၉။ထိုင်းဘတ်သန်းချီနဲ့ ဖမ်းမိတဲ့ ငွေလိမ်ဂိုဏ်းမှာ မြန်မာ ၃ ဦး ပါဝင်
နယ်စပ်ဖြတ်ကျော် ငွေကြေးခဝါချနေတဲ့ ဂိုဏ်းတစ်ခုကို ဝင်စီးချိန်မှာ မြန်မာနိုင်ငံသား သုံးဦးကို ထိုင်း ဘတ်ငွေ ၄၆ သန်းကျော်အတူ ထိုင်းဗဟိုအထူးစုံစမ်းစစ်ဆေးရေးဗျူရိုက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်က ထိုင်းဘဏ်မှာ ငွေသား ထုတ်ယူပြီး မှောင်ခိုလုပ်ကိုင်နေတဲ့ မြဝတီက မြန်မာတစ်ဦးဆီကို ပို့ပေးနေတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူ ၃ ဦးကို ငွေကြေးခဝါချမှုအပါအဝင် ပုဒ်မ ၄ ခုနဲ့ ထိုင်းအထူးတပ်ဖွဲ့က အမှုစွဲတင်ထားပါတယ်။

The Tanintharyi Times
