လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေကို ဆက်လက်ထည့်ဝင်သွားမယ်လို့ ဂျာမနီသံရုံး ထုတ်ပြန်
လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေကို ဆက်လက်ထည့်ဝင်သွားမယ်လို့ ဂျာမနီသံရုံး ထုတ်ပြန်
မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် ငွေကြေးရန်ပုံငွေတွေ ဆက်လက်ထည့်ဝင်သွားမယ်လို့ ဩဂုတ်လ ၉ ရက်နေ့မှာ ဂျာမနီသံရုံးက ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်အတွက် ရန်ပုံငွေ ယူရို ၄.၅ သန်းကို ပြီးခဲ့တဲ့ မေလက ထည့်ဝင်ပံ့ပိုးခဲ့ပြီး အခုဆက်ပြီး အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။
ဂျာမနီ သံရုံး အကြီးအကဲ York Schuegraf နဲ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA ရဲ့ ယာယီရုံးအကြီးအကဲ Danielle Parry တို့ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ MHF ကို ဂျာမနီက ငွေကြေးထောက်ပံ့မှု ဆက်ပေးမယ့်ကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆိုးဝါးတဲ့ ရာသီဥတုကြောင့် မြန်မာနိုင်ငံတဝန်းလုံး အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်တို့မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ဆက်လက်မြင့်တက်နေတယ်လို့ UN OCHA က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ နောက်ဆုံးကိန်းဂဏန်းအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်းကျော် ရှိလာပြီ အဲဒီထဲက လူဦးရေ ၁ ဒသမ ၆ သန်း နီးပါးဟာ အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခကြောင့် ထွက်ပြေးရတာလို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ရခိုင်ဒေသတွေဟာ ရေကြီးရေလျှံမှု ဘေးဒဏ်နဲ့ ကြုံနေရပြီး လိုအပ်ချက်တွေ ပိုမိုများပြားလာတယ်လို့ UN OCHA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
UN OCHA အနေနဲ့ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီဖို့ လျာထားတဲ့ အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်း တောင်းခံထားခဲ့ပေမယ့် ၂၄ ဒသမ ၂ သန်းသာ ရရှိထားတဲ့အတွက် ရန်ပုံငွေဆက်လက်ထည့်ဝင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဂျာမနီနိုင်ငံအနေနဲ့ MHF ရန်ပုံငွေကို ယူရို ၄ ဒသမ ၅ သန်း ပေးခဲ့သလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ရှိ မုန်တိုင်းသင့်ပြည်သူအတွက် ကမ္ဘာ့စားနပ်ရိက္ခါအစီအစဥ် World Food Programme မှာ ယူရို ၅ သန်း ထောက်ပံ့ပေးခဲ့တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
The Tanintharyi Times
