စစ်တပ်ပိုင် ဘီယာနဲ့ စီးကရက်တွေကို သပိတ်မှောက်ဖို့ တော်လှန်ရေး အင်အားစုတွေ တိုက်တွန်း
စစ်တပ်ပိုင် ဘီယာနဲ့ စီးကရက်တွေကို သပိတ်မှောက်ဖို့ တော်လှန်ရေး အင်အားစုတွေ တိုက်တွန်း
စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက NUG အစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းတောင်းဆိုချက် ကမ်ပိန်းတစ်ခု လုပ်ဆောင်ခဲ့ပြီး ပထမဆုံးအဆင့်အနေနဲ့ ဘီယာနဲ့ စီးကရက်တွေကို Boycott လုပ်ကြဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
တပ်ပိုင်ကုန်စည်အမျိုးအစားအနေနဲ့ အရက်ဘီယာနဲ့ စီးကရက်တို့ဟာ ဖက်ဆစ်တပ်ရနေတဲ့ အများဆုံး ဝင်ငွေပမာဏထဲမှာ ပါနေပြီး ဒီသွေးစွန်းငွေတွေကပဲ ပြည်သူကို သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေ ဖြစ်သွားတာလို့ တောင်းဆိုချက်ထဲမှာ ရေးသားထားပါတယ်။
ပြည်သူတွေ ဆန့်ကျင်သပိတ်မှောက်ရမယ့် အရက်ဘီယာ၊ စီးကရက် ကုန်ပစ္စည်းတံဆိပ် ၈ မျိုး ဖြစ်တဲ့ မြန်မာဘီယာ (Myanmar Beer) ၊ Andaman Gold တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ Dagon တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ မန္တလေး ဘီယာနဲ့ ရမ်၊ Black Shield ဘီယာ၊ အာမီရမ်၊ Red Ruby စီးကရက်နဲ့ Premium Gold စီးကရက်တို့ ပါဝင်ပါတယ်။
ဒီတပ်ပိုင် ကုန်ပစ္စည်း ၈ မျိုးကို အချိန် ၂ လအတွင်း လက်ရှိရနေတဲ့ ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ထိုးကျသွားဖို့ ဦးတည်လုပ်ဆောင်သွားမယ်လို့ အဆိုပါ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးစအချိန်ကနေ မြန်မာဘီယာ အပါအဝင် စစ်တပ်ပိုင် ကုန်ပစ္စည်း၊ လုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေကို အားမပေးကြဖို့ မဝယ်ယူကြဖို့ မသုံးစွဲကြဖို့ Boycott လုပ်ကြဖို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ဆက်တိုက် တိုက်တွန်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် အစပိုင်းမှာ မြန်မာဘီယာလုပ်ငန်းရဲ့ ဘဏ္ဍာရေး ရရှိမှု ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ မြန်မာ့ဦးပိုင်လုပ်ငန်းနဲ့ ဖက်စပ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီ Kirin Holdings က ထုတ်ပြန်ထားဖူးပါတယ်။
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်း ၆ ခု၊ စီးကရက် ထုတ်ကုန်တံဆိပ် ၂ မျိုး၊ ဆက်သွယ်ရေးလုပ်ငန်း ၂ ခု၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ပစ္စည်းအမှတ်တံဆိပ် ၇ ခု၊ ဖျော်ဖြေရေးနဲ့ ခရီးသွားဝန်ဆောင်မှု ၁၃ ခု၊ အစားအသောက်အမှတ်တံဆိပ် ၃၈ ခု၊ ကျန်းမာရေးနဲ့ အလှအပထုတ်ကုန် ၄ ခု၊ ကျန်းမာရေးဝန်ဆောင်မှု ၉ နေရာ၊ စက်ရုံ အလုပ်ရုံ ၄ ခု၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်း ၁၃ ခု၊ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ၅ ခု၊ မီဒီယာ ၁၉ ခု၊ ကုန်တိုက် ၈ ခု၊ ကုန်သွယ်ရေးကုမ္ပဏီ ၇ ခု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ၁၄ ခု စတဲ့ တပ်ပိုင်လုပ်ငန်းစုစုပေါင်း ၁၅၁ ခုတို့ကို ပြည်သူတွေ သပိတ်မှောက်ရမယ့် The Boycott List စာရင်းအဖြစ် ပြီးခဲ့တဲ့ မတ်လက လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ကနေ ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းက ထားဝယ်ခရိုင်သပိတ်ကော်မတီကလည်း စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ အဖျော်ယမကာတွေနဲ့ စီးကရက်တွေ ကို မသုံးဖို့ လိုက်လံလှုံဆော်တာတွေနဲ့ စာဖြန့်ဝေတာတွေကို အခုရက်ပိုင်းမှာပဲ လုပ်ဆောင်ခဲ့ပါတယ်။
The Tanintharyi Times
