မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ပိုင် ပိုက်လိုင်း နှစ်ကြိမ်ဖောက်ခွဲခံရ
မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ပိုင် ပိုက်လိုင်း နှစ်ကြိမ်ဖောက်ခွဲခံရ
စစ်ကောင်စီရဲ့အဓိကစီးပွားရေးထောက်တိုင်တစ်ခုဖြစ်တဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ရဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းနှစ်ကြိမ်ဖောက်ခွဲခံခဲ့ရပါတယ်။
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသကနေ သာကေတ ကိုဆက်သွယ်ထားတဲ့ MOGE သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ သြဂုတ်လ ၉ ရက် မနက် ၅ နာရီ ၄၀ မိနစ်က အိန္ဒရာဇာရွာနဲ့ ဆင်ကူးရွာ အကြားမှာ တစ်ကြိမ်၊ မနက် ၈ နာရီ ၄၀ မိနစ်မှာ နတ်ကြီးစင်နဲ့ စိန်ဘုံရွာအကြားမှာ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာပါ။
MOGE ရဲ့ ကံပေါက်ရုံးခွဲမှာလည်း သြဂုတ်လ ၃ ရက်နေ့ မနက် ၃ နာရီ ၄၀ မိနစ်အချိန်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။
ဒီဖောက်ခွဲမှုတွေကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) နဲ့ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF) တို့က ပူးပေါင်းစစ်ဆင်ရေးအဖြစ်လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ကံပေါက်ကနေ သာကေတကို သွယ်တန်းထားတဲ့ MOGE ပိုက်လိုင်းဟာ မြိုင်ကလေးဘိလပ်မြေစက်ရုံလိုမျိုး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်ပတ်ဖို့ စွမ်းအင်ထောက်ပံ့ပေးနေတဲ့အရင်းအမြစ်ဖြစ်နေလို့ အခုလို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TPLF က ထုတ်ပြန်ထားပါတယ်။
“MOGE ကို ပစ်မှတ်ထား အရေးယူဖို့ လိုပါတယ်။ စစ်တပ်ရဲ့ ဝင်ငွေရလမ်းအားလုံးကို တားမြစ်ရမယ်။ နိုင်ငံတကာအစိုးရတွေအနေနဲ့ MOGE ရော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် လို့ခေါ်တဲ့ MFTB ရောကို ချက်ချင်း အရေးယူပိတ်ဆို့ဖို့ လိုပါတယ်။ သူတို့ကို အရေးယူဖို့ ပျက်ကွက်ရင် ဖက်ဆစ်စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုကို အလိုတူ အလိုပါ ခွင့်ပြုထားတာနဲ့ အတူတူပါပဲ” လို့ TPLF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့မနက်ကလည်း ကံပေါက်ကနေထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ပို့နေတဲ့ PTTEP ကုမ္ပဏီရဲ့ ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုဟာ PDF တွေနဲ့မသက်ဆိုင်ဘူးလို့လည်း ပြောဆိုထားကြပါတယ်။
“PTTEP ပိုက်လိုင်းပေါက်ကွဲမှုက ကျနော်တို့နဲ့ မသက်ဆိုင်ပါဘူး ။ ကျနော်တို့က စစ်တိုက်နေရပေမဲ့လည်း မိတ်ဆွေကိုသာ လိုချင်ပါတယ်၊ ရန်သူမလိုချင်ပါဘူး။ ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီကို ပိုက်ဆံရှာပေးတဲ့ လုပ်ငန်းတွေကိုတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့ လုံးဝ မနှစ်မြို့ဘူးဆိုတာ ပြောလိုပါတယ်” လို့ TPLF ရဲ့တာဝန်ရှိသူကဆိုပါတယ်။
မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ဟာ ခေတ်အဆက်ဆက်စစ်အာဏာရှင်တွေအတွက် ငွေရှာပေးနေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိအာဏာသိမ်းထားတဲ့စစ်ကောင်စီအတွက်လည်း အဓိက ဝင်ငွေရရှိနေတဲ့ ထောက်တိုင်တစ်ခုလည်းဖြစ်ပါတယ်။
The Tanintharyi Times
