ရေး-ထားဝယ်လမ်းပိုင်းကို အသုံးမပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်

ရေး-ထားဝယ်လမ်းပိုင်းကို အသုံးမပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်

စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ဖို့ စီစဉ်ထားတာကြောင့် ရေး-ထားဝယ် လမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အခုလ ၉ ရက်နေ့ကနေ စလို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစုံတရာ မထုတ်ပြန်မချင်း ရေး-ထားဝယ်လမ်းပိုင်း မှာ မလိုအပ်ဘဲ အသွားအလာ မလုပ်ကြဖို့ တောင်းဆိုတယ်လို့ အဲ့ဒီလမ်းပိုင်းမှာတပ်စွဲထားတဲ့ တော်လှန်ရေး အဖွဲ့တွေ ကထုတ်ပြန်ထားတာဖြစ်ပါတယ်။

စစ်ရေးအခြေအနေအရ ခရီးသွားပြည်သူတွေ ဘေးအန္တရာယ်ဒုက္ခရောက်မှာ စိုးရိမ်တာကြောင့် အခုလို ထုတ်ပြန်ကြေညာချက်ရတာ ဖြစ်တယ်လို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တာဝန်ခံ နိုင်နဂါးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

“အကယ်လို့ ပြည်သူတွေက သေရေးရှင်ရေးကိစ္စ ပေါ်လာမယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်ပါ၊ ကျနော်တို့ ခွင့်ပြုချက်နဲ့မှ သွားပါလို့ ကျနော်တို့ တောင်းဆိုချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲ အချိန်မရွေး ဖြစ်လာနိုင်တယ်” လို့ နိုင်နဂါးက ပြောပါတယ်။

အဆိုပါ လမ်းပိုင်းကို မွန်-တနင်္သာရီ တော်လှန်ရေးတပ်ပေါင်းစုတွေက ထိန်းချုပ်မှု ပြုလုပ်ခဲ့ပြီး ခရီးသည်တင်ယာဉ်တွေကို စစ်ဆေးမှုတွေ လုပ်ဆောင်လာပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသည်တင်ယာဉ်တွေ၊ အိမ်စီးကားတွေ၊ အရေးပေါ်လူနာတင်ယာဉ်တွေကို အသုံးပြုသွားလာနေတာကြောင့် အခုလို ခေတ္တလမ်းပိတ်ရတာ ဖြစ်တယ်လို့ နိုင်နဂါးက ဆိုပါတယ်။

လက်ရှိမှာ ရေး-ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီဘက်က အင်အားများပြားတဲ့ စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်တာတွေ ပြန်လည်လုပ်ဆောင်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က မိမိတို့ လှုပ်ရှားရာနယ်မြေတွေကို တန်ပြန်တိုက်ခိုက်သွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။

“ပြည်သူတွေ ခရီးသွားလာရတာ နှောင့်နှေးသွားရင် ကျနော်တို့ တောင်းပန်ပါတယ်၊ စစ်ဆင်ရေး လိုအပ်ချက်အရ တော်လှန်ရေး လိုအပ်ချက်အရ အခုလို ဒီလမ်းမကြီးကို ပိတ်ချလိုက်ရတာ ဖြစ်ပါတယ်၊ ဒီပိတ်ချမှုက အချိန်တိုတိုအတွင်း ကျနော်တို့ ပြန်ဖွင့်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ စစ်ကောင်စီတပ်တွေကို အမြန်ဆုံး မောင်းထုတ်နိုင်ဖို့ ကျနော်တို့ စီစဉ်မှုတွေ လုပ်ဆောင်ထားတာ ရှိပါတယ်” လို့ MSRF တာဝန်ခံက ပြောဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီဘက်က လှုပ်ရှားမှုတွေကို ကြားသိရင် လူမှုကွန်ရက်ကနေတဆင့် တော်လှန်ရေးတပ်ဖွဲ့တွေကို သတင်းပေးကြဖို့၊ စစ်ကောင်စီနဲ့ နီးစပ်ရာမှာ မနေထိုင်ကြဖို့နဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ကျေးရွာထဲကို ဝင်လာရင် အရေးတကြီးပစ္စည်းတချို့ယူပြီး စောလျင်စွာ ရှောင်ထွက်ကြဖို့ကိုလည်း MSRF တာဝန်ခံက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ရေးမြို့နယ် တောင်ပိုင်း ကော့လှိုင်းကျေးရွာကနေ စစ်ကောင်စီရဲ့ အင်အား ၂၀၀ ကျော်ရှိ စစ်ကြောင်းဟာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရားဖူးရွာသစ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖခင်၊ မိခင် ဖြစ်သူနဲ့အတူ လသားကလေးငယ် ၁ ဦး၊ ၁၀ နှစ်အရွယ်ကလေး ၁ ဦး စုစုပေါင်း မိသားစုဝင် ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်အထိ ယင်းစစ်ကြောင်းဟာ ရားဖူးရွာသစ်မှာ တပ်စွဲထားပြီး အဲ့ဒီကျေးရွာ အပါအဝင် အနီးအနားကျေးရွာက ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ရေးမြောက်ပိုင်းကို ရှောင်တိမ်းလာတဲ့ ဒေသခံတဦးက အတည်ပြုပါတယ်။

ရေး-ထားဝယ်လမ်းပိုင်းတလျှောက်ရှိ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်ကတော့ မနေ့က ထုတ်ပြန်ချက်ကို ပြည်သူတွေ နားလည်းလိုက်နာကြဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်ရင် ဖြစ်ပျက်လာမယ့် အကျိုးဆက်တွေကို မဟာမိတ်ပူးပေါင်းတပ်တွေက လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။

The Tanintharyi Times