ထားဝယ်-မြိတ်ကားလမ်းရက်ရှည်ပိတ်နေပြီး ငါးရက်အတွင်းနေ့တစ်ဝက်သာသွားခွင့်ရ

ထားဝယ်-မြိတ်ကားလမ်းရက်ရှည်ပိတ်နေပြီး ငါးရက်အတွင်းနေ့တစ်ဝက်သာသွားခွင့်ရ

ပုံစာ - မြိတ်-ထားဝယ်ကားလမ်းပေါ်မှာစောင့်ဆိုင်းနေတဲ့မော်တော်ယာဉ်တွေ။

တိုက်ပွဲတွေကြောင့် ထားဝယ်-မြိတ် အဝေးပြေး ကားလမ်းမကြီး ရက်ရှည်ပိတ်နေပြီး ငါးရက်အတွင်း နေ့တဝက်သာသွားလာခွင့်ရခဲ့တယ်လို့ ဒေသခံတွေနဲ့ ယာဥ်မောင်းတွေ ကပြောပါတယ်။

ဒီနေ့မှာလည်း ထားဝယ် – မြိတ် ကားလမ်းပေါ် မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့်လမ်း ပြန်ပိတ်နေတယ်လို့ ယာဥ်မောင်းတွေ ကဆိုပါတယ်။

အခုလ ၅ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာကစစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်ချိန်ကစလို့ ထားဝယ် – မြိတ်ကားလမ်းပိုင်းပိတ်နေတာဖြစ်ပြီး နှစ်ဖက်အတက် အဆင်းယာဥ် အစီးရေရာနဲ့ချီလည်း လမ်းပေါ်မှာပိတ်မိနေတာပါ။

ပဲဒက်စခန်းကို တော်လှန်ရေးတပ်တွေကသိမ်းပိုက်ပြီးနောက် လမ်းပြန်ပွင့်သွားခဲ့သလို ဝင်းဝစခန်းကစစ်ကောင်စီတပ်သားတွေကလည်း ပြန်လည်သွားလာခွင့်ပေးခဲ့တာကြောင့် မနေ့ကမနက်ပိုင်းမှာ ကားလမ်းပွင့်သွားပြီး မော်တော်ယာဥ်တွေပြန်လည်သွားလာခွင့်ရခဲ့ပါတယ်။

မနေ့က မွန်းလွဲပိုင်းမှာတော့ ပုလောမြို့နယ်က ထမင်းမစားရွာမှာတိုက်ပွဲတွေပွားနေတာကြောင့် ထားဝယ်-မြိတ် ကားလမ်းပေါ်မှာ မော်တော်ယာဥ်အများအပြား ပြန်လည်ပိတ်မိနေတယ်လို့ ခရီးသည်တင်ယာဥ်မောင်းနဲ့ ဒေသခံတွေကဆိုပါတယ်။

“မနက်ပိုင်းလေးပဲလွတ်လာကြတယ်။ ဒါတောင်ထားဝယ်ကိုဝင်လာတာ ကားကြီးကားငယ် အစီးငါးဆယ်လောက်ရှိမယ်။ ပြီးတာနဲ့ လမ်းဖွင့်ပြီဆိုပြီး ထားဝယ်ကဆင်းတဲ့သူတွေအကုန်ပြန်ပိတ်မိတာပဲ။ ထားဝယ်ကအဆင်းကားတွေအကုန် ပလောက်မှာစောင့်နေရတယ်” လို့ ရန်ကုန်-မြိတ်မြေးဆွဲနေတဲ့ ထားဝယ်မြို့ခံ ခရီးသည်တင်ယာဥ်မောင်းတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကားလမ်းပိတ်မိနေချိန် ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေဟာ တိုက်ပွဲနဲ့ဝေးတဲ့ လမ်းဘေးဝဲယာတွေမှာရပ်နားပြီးစောင့်ဆိုင်းနေရတာပါ။

လမ်းသွားလမ်းလာတွေ စားရေးသောက်ရေးအခက်အခဲတွေအထိရှိခဲ့တယ်လို့ ထားဝယ်အဝေးပြေးကားကွင်းက ယာဥ်လိုင်းတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

“ထမင်းငတ်၊ ဟင်းငတ်တောင်ဖြစ်ကြတယ်။ ပြန်လှည့်လို့ကလည်းအဆင်မပြေတော့ သွားလို့ရလိုရညားစောင့်နေရတာပဲ။ သွားလို့ရတာနဲ့ချက်ချင်းသွားမှ အဆင်ပြေတာ” လို့ ထားဝယ်အဝေးပြေးကားကွင်းက ယာဥ်လိုင်းတာဝန်ရှိသူကပြောပါတယ်။

ထားဝယ်-မြိတ် ကားလမ်းဟာ ဒီနေ့မနက်ပိုင်းအထိလည်း ဖြတ်သန်းသွားလာလို့ မရသေးဘူးလို့‌ သရက်ချောင်းမြို့နယ်က ဒေသခံတွေကဆိုပါတယ်။

“စျေးသည်ကားတွေ၊ ဆိုင်ကယ်တွေတောင်သွားလို့ မရသေးဘူး။ ဒီမနက်ကျနော် ကားလမ်းနဘေးမှာပဲရှိနေတာပါ။ ဘာကားမှဖြတ်သွားဖြတ်လာမရှိဘူး” သရက်ချောင်းမြို့နယ်အောက်ပိုင်းကဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

အဲဒီလို ကားလမ်းရက်ရှည်ပိတ်နေတာကြောင့် ကုန်တင်ယာဥ်တွေအနေနဲ့ အချိန်မှီမရောက်ဘဲ ကုန်စိမ်းနဲ့ အသားငါးတွေ ပုတ်သိုးပျက်စီးတာရှိနေတယ်လို့လည်း ယာဥ်လိုင်းတာဝန်ရှိသူကဆိုပါတယ်။

ပုလောမြို့နယ်က တိုက်ပွဲတွေအပြင် တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ပဲဒက်စခန်းအနီးက ကျောက်ဆည်ရွာဘက်မှာလည်း ဒီနေ့မနက်ပိုင်း ပစ်ခတ်သံတွေထွက်ပေါ်နေတာကြောင့် ကားလမ်းပိုင်းဆက်ပြီး ပိတ်မိနေနိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းပြောဆိုပါတယ်။

တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်ကြားက ၁၀၂၀ တောင်မှာလည်း ပြီးခဲ့တဲ့လကုန်ရက်ကစလို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက ကားလမ်းကို သွားလာခွင့်ပိတ်ထားသလို တံတားတစ်စင်းလည်း ကားအကြီးတွေဖြတ်သန်းသွားလာလို့မရအောင်ပျက်စီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို ကားလမ်းကသွားလာလို့မရတာကြောင့် မြိတ်-ဘုတ်ပြင်းလမ်းပိုင်းကိုတော့ ငါးဖမ်းစက်လှေတွေနဲ့ ဖြတ်သန်းသွားလာနေရတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကြာက မလွှဲတောင်စစ်ဆေးရေးဂိတ်ကိုလည်း စစ်ကောင်စီတပ်သားတွေက အချိန်အကန့်အသတ်နဲ့သာဖြတ်သန်း‌ခွင့်ပြုနေတာကြောင့် ခရီးလမ်းမှာအချိန်ကြန့်ကြာတာတွေ ဖြစ်နေပါတယ်။

The Tanintharyi Times