ကျောက်မဲတောင်ရွာအနီး စစ်ကောင်စီတပ်နဲ့ KNDO၊ PDFပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်
ကျောက်မဲတောင်ရွာအနီး စစ်ကောင်စီတပ်နဲ့ KNDO၊ PDFပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်
စစ်ကောင်စီတပ်နဲ့ KNDO၊ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့တို့ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ရွာအနီးမှာ ဒီနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဆက်တိုက်ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ ကျောက်မဲတောင်ရွာက တောင်သုံးလုံးဘုန်းကြီးကျောင်းကို ကျရောက်ခဲ့ပြီး သံဃာတော်တစ်ပါးဒဏ်ရာရရှိခဲ့ကာ လုပ်အားပေးနေတဲ့ရွာသားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ကင်ပွန်းချုံရွာက ရွာသားတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ကျောက်မဲတောင်ကျေးရွာအုပ်စု၊ ကင်ပွန်းချုံရွာနဲ့ ဘဝပင်သတ္တုမိုင်းအကြားနေရာမှာဒီနေ့ ညနေ ၃ နာရီဝန်းကျင်က တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး တစ်နာရီကျော်အကြာ ပစ်ခတ်ခဲ့ကြပါတယ်။
“ကျနော်တို့အဖွဲ့တွေ ဘေးကင်းကင်းနဲ့ပဲ ဆုတ်လာလိုက်ပြီ” လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ညနေ ၆ နာရီဝန်းကျင်မှာ ပြောပါတယ်။
စစ်ကောင်စီတပ်က ကင်းပုန်းဝပ်ထားတဲ့နေရာကို KNDO Special တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့ သွားရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကာ လက်နက်တစ်လက်ရရှိခဲ့တယ်လို့သိရပါတယ်။
