ထိုင်းနိုင်ငံမှာ ဖမ်းခံရတဲ့ Lion Battalion ဗျူဟာစစ်ကြောင်းက တပ်ဖွဲ့ဝင် ၂ ဦးကို မော်လမြိုင်ထောင် ပို့ဆောင်
ထိုင်းနိုင်ငံမှာ ဖမ်းခံရတဲ့ Lion Battalion ဗျူဟာစစ်ကြောင်းက တပ်ဖွဲ့ဝင် ၂ ဦးကို မော်လမြိုင်ထောင် ပို့ဆောင်
ထိုင်းနိုင်ငံမှာ ဖမ်းခံရတဲ့ PDF တပ်ဖွဲ့ဝင် သုံးဦးထဲကတစ်ဦး ကျဆုံးပြီး ကျန်တဲ့နှစ်ဦးကို မော်လမြိုင်ထောင်ကို ပို့ဆောင်ခံလိုက်ရတယ်လို့ သတင်းရကြောင်း Lion Battalion ဗျူဟာစစ်ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသတင်းဌာနကို ပြောပါတယ်။
“သူတို့ ဖမ်းခံရပြီး ကျနော်တို့နဲ့ ထိုင်း တော်ဝင်တပ်က အရာရှိတွေနဲ့ ၄ ရက်နေ့မှာ သွားညှိကြတယ်။ ထိုင်း လဝကက မနက်ဖြန်မှ လာခဲ့ဆိုပြီးပြောတယ်။ ကြားထဲမှာ သူတို့က BGF တွေနဲ့ညှိပြီး BGF ဂိတ်ကို ပို့လိုက်တယ်။ မနက်ဖြန်လာမေးတော့ ပြန်လွှတ်ပေးလိုက်ပြီဆိုပြီး ပြန်ပြောတယ်။ တကယ်တော့ သူတို့လွှတ်ပေးလိုက်တာ မဟုတ်ဘူး။ သူတို့အသက်တွေကို ငွေနဲ့ လဲလိုက်တာ ဖြစ်တယ်” ဆိုပြီး Lion Battalion ဗျူဟာစစ်ကြောင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
Lion Battalion က တပ်ဖွဲ့ဝင်သုံးဦးကို အခုလ ၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့တာဖြစ်ပြီး ၄ ရက်မှာ ထိုင်းလဝကက အင်ကြင်းမြိုင် BGF ထံ လွဲပြောင်း ပေးလိုက်တာပါ။
“သူတို့ပြန်ပို့ခံရပြီး လှေပေါ် တက်တဲ့အချိန်မှာ သူတို့ BGF တွေကိုမြင်တော့ လှေပေါ်ကနေ ခုန်ဆင်းတာ။ ခုန်ဆင်းတော့ သေနတ်နဲ့ ပစ်ခိုင်းလိုက်တယ်။ အဲမှာ စောဖြိုးလေးဆိုတဲ့ တစ်ယောက် ကျဆုံးသွားပြီပေါ့။ ကိုသီဟနဲ့ ထက်နေဝင်းက အသက်ရှင်သေးတယ်။ ဓာတ်ပုံတွေလည်း ရထားတယ်။ စစ်ကောင်စီက မော်လမြိုင်ထောင်ကို ပို့လိုက်တယ်” လို့ စစ်ကြောင်းရဲ့ တာဝန်ရှိသူက ရွှေဖီမြေသတင်းဌာနကို ရှင်းပြထားပါတယ်။
ထိုင်း လဝကရဲ့ လုပ်ရပ်ဟာ ထိုင်းဘုရင်နဲ့ ထိုင်းတော်ဝင် တပ်မတော်ကို မထီမဲ့မြင် လုပ်တာဖြစ်ပြီး ငွေကြေးကြောင့်နဲ့ လူရဲ့အသက်ကိုတောင် မငဲ့ညာဘဲ လုပ်ဆောင်နေတာဟာ ကျင့်ဝတ်နဲ့ ညီညွှတ်မှု မရှိဘူးလို့ ၎င်းက ဝေဖန်ပါတယ်။
ထိုင်းမှာဖမ်းဆီးရသူတွေပြန်လွှဲတဲ့အပေါ် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ညှိနှိုင်းနေကြောင်း NUG အခုလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်းနေတာလဲဆိုတာကိုတော့ တိတိကျကျ မဖော်ပြထားပါဘူး။
ထိုင်းအခြေခံလူတန်းစားပါတီ (Commoners’ Party) ကလည်း ထိုင်းအာဏာပိုင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့သူသုံးဦးကို မြန်မာဘက် ပြန်လွှဲပေးလိုက်တာဟာ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့ ၈ ရက်နေ့က စာထုတ်ပြန်ပြောဆိုထားပါတယ်။
The Tanintharyi Times
