ဂါဇာ ကို အပိုင်ဝယ်မယ်လို့ ထရမ့်ပြော ၊ ကနေဒါနိုင်ငံကို အမေရိကန်ပြည်နယ်တစ်ခုဖြစ်စေချင်တာ စိတ်ရင်းအမှန်ဖြစ်ကြောင်း ထပ်ပြော
ဂါဇာ ကို အပိုင်ဝယ်မယ်လို့ ထရမ့်ပြော ၊ ကနေဒါနိုင်ငံကို အမေရိကန်ပြည်နယ်တစ်ခုဖြစ်စေချင်တာ စိတ်ရင်းအမှန်ဖြစ်ကြောင်း ထပ်ပြော
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဂါဇာကမ်းမြောင် အပိုင်ဝယ်ယူလိုကြောင်း နဲ့ ကနေဒါနိုင်ငံကို အမေရိကန်ပြည်နယ်တစ်ခု အဖြစ်မြင်လိုကြောင်း ဒီရက်ပိုင်းတွေမှာ မကြာခဏ ပြောဆိုနေပါတယ်။
ကနေဒါကို အမေရိကန်ပြည်ထောင်စု ရဲ့ ၅၁ ခုမြောက်ပြည်နယ် ဖြစ်လာဖို့ လိုလားချက်ဟာ သူ့ရဲ့ စိတ်ရင်းအမှန်ဖြစ်ပြီး ဒီကိစ္စကို အလေးအနက်ထားပြောဆိုနေတာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ထပ်မံ ပြောဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ကို ဝယ်ယူ ပိုင်ဆိုင်ဖို့အတွက် သန္နိဋ္ဌာန်အခိုင်အမာချထားပြီး ဖြစ်တယ်လို့ လည်း ပြောဆိုခဲ့တာပါ။
ထရမ့် နဲ့ အီလွန်မက်တို့ရဲ့ အာဘော်တွေ ကို ထုတ်လွင့်နေတဲ့ Fox News နဲ့ အင်တာဗျူး မှာ ထရမ့်က “ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက်ပြည်နယ် ဖြစ်လာဖို့ ကတော့ ကျွန်တော့စိတ်ရင်းပဲ။ ကျွန်တော်တို့ က ကနေဒါ ကို တစ်နှစ်မှာ ဒေါ်လာ ဘီလီယံ ၂၀၀လောက်ထောက်ပံ့နေရတာဆိုတော့ သူတို့က ကျွန်တော်တို့ရဲ့ ပြည်နယ် တစ်ခု အနေနဲ့ ရှိသင့်ပါတယ်” လို့ ပြောဆိုခဲ့တာပါတယ်။
ဒါ့အပြင် ကနေဒါကို ထောက်ပံ့ နေတာတွေကိုလည်း ရပ်တန့်မှာဖြစ်ပြီး ကာကွယ်ရေးစရိတ်အတွက် အကူအညီပေးနေတာတွေကို ရပ်တန့်မှာဖြစ်သလို အမေရိကန် – ကနေဒါ ကုန်သွယ်ရေး စာချုပ်တွေ မှာ အမေရိကန်ဘက်က နစ်နာနေတာတွေ နဲ့ လိုငွေပြနေတာတွေ ထပ်မဖြစ်အောင် လုပ်မယ်လို့ ထရမ့် က ပြောဆိုခဲ့တာပါ။
“ ကနေဒါ က အမေရိကန် ရဲ့ ပြည်နယ် မဖြစ်လာဘူးဆိုရင်၊ ကနေဒါအတွက် အမေရိကန် က အနစ်နာခံပေးနေတာတွေလည်း ထပ်မရှိစေရဘူး” လို့ ပြောခဲ့တာဖြစ်ပါတယ်။
ကနေဒါ ဘက်ကတော့ အမေရိကန် အစိုးရက ကနေဒါကို ထောက်ပံ့နေတာ ဘာမှ ရှိဘူးလို့ တရားဝင်ပြောဆိုထားပါတယ်။
နိုင်ငံတကာ သတင်းတွေမှာတော့ ထရမ့်ရည်ညွှန်းပြောဆိုနေတာတွေဟာ အမေရိကန် – ကနေဒါ နယ်စပ် လုံခြုံရေး အသုံးစရိတ်မှာ အမေရိကန်ကပိုမိုသုံးစွဲနေရတာနဲ့ ရေနံ၊သဘာဝဓာတ်ငွေ့ နဲ့ အခြား ကုန်စည်တင်သွင်းမှုတွေမှာ အမေရိကန်ဘက်က ကုန်သွယ်မှုလိုငွေ ပြနေတာကို ရမယ်ရှာနေတာသာ ဖြစ်ကြောင်း ရေးသားဖော်ပြနေကြပါတယ်။
ဂါဇာကမ်းမြောင်ကို ဝယ်ယူမယ်ဆိုတဲ့ ကိစ္စ ကတော့ နယူးအော်လင်းမှာလုပ်တဲ့ ရပ်ဂ်ဘီပြိုင်ပွဲ ဗိုလ်လုပွဲ National Football League Super Bowl ပွဲကို အသွားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂါဇာကို ဝယ်ပြီး ပိုင်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ကျွန်တော်တို့ ပြန်လည်တည်ဆောက်မယ့်အပြင် အရှေ့အလယ်ပိုင်းက တခြားနိုင်ငံတွေကိုလည်း အပိုင်းလိုက်တည်ဆောက်ဖို့ ပေးကောင်း ကောင်းနိုင်ပါတယ်။ တခြားသူတွေလည်း လုပ်နိုင်ပါတယ်။ ကျုပ်တို့ ဦးဆောင်မှုအောက်ကနေပေါ့ ။” လို့ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဂါဇာကို ဝယ်ယူနိုင်ပါက အပြန်အလှန်အနေနဲ့ ပါလစတိုင်း ဒုက္ခသည်တချို့ကိုတော့ အမေရိကန်မှာ ခိုလှုံခွင့်ပေးမယ်လို့ ထရမ့်ကပြောဆိုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်ကလည်း ထရမ့် က ဂါဇာမှာ နေထိုင်ကြတဲ့ ပါလက်စတိုင်းပြည်သူတွေကို အပြီးတိုင် ရွှေ့ပြောင်းနေရာချပြီးတော့ ဂါဇာကို အရှေ့အလယ်ပိုင်းရဲ့ ကမ်းခြေရိပ်သာ အဖြစ်ဖန်တီးပေးမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ထရမ့် ဟာ သမ္မတ ဖြစ်ပြီးချိန်ကစလို့ ပနားမား ၊ ကနေဒါနိုင်ငံ ၊ ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်း ကိစ္စတွေကို အငြင်းပွားဖွယ်ရာပြောဆိုမှုတွေ မကြာခဏလုပ်ဆောင်ခဲ့တဲ့အပြင်၊ အစ္စရေး နဲ့ ပါလက်စတိုင်း နိုင်ငံတို့ အကြား အငြင်းပွားနေတဲ့ ဂါဇာကမ်းမြောင်ကိစ္စ ပါ ထည့်သွင်းပြောဆိုလာခဲ့တာပါ။
ကိုးကား – Fox News ၊ Sky News၊ ဂါးဒီးယန်း
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
