ပညာရေးနှင့် သင်ယူဆည်းပူးခြင်း

ပညာရေးနှင့် သင်ယူဆည်းပူးခြင်း

ပညာရေးအတွေး၊ ဒဿနအမြင် (၁၂)

နေရစ်တော့ ခေတ်ဟောင်း

ခေတ်ဟောင်း၊ စနစ်ဟောင်းကာလတွေမှာ ပညာရေးပါရဂူတွေ၊ ပညာရေးအာဏာပိုင်တွေက လူငယ်လူရွယ်တွေကို ဘယ်လိုပညာ ဘာသာရပ် တွေ သင်ကြားပေးရမယ်ဆိုတာကို သတ်မှတ်အဖြေထုတ်ခဲ့ကြပါတယ်။ ဘာသာတရားလည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ကျင့်တရားလည်းဖြစ်ချင်ဖြစ်မယ်။ လူမှုဆက်ဆံရေးနဲ့ နီတိပညာတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ ဂန္တဝင်စာပေနဲ့ သမိုင်းဘာသာရပ်လည်း ဖြစ်ချင်ဖြစ်မယ်၊ အထွေထွေသိပ္ပံနဲ့ စက်မှုနည်းပညာ တွေလည်း ဖြစ်ချင်ဖြစ်မယ်။ စသဖြင့်ပေါ့လေ။ အဲဒီဘာသာရပ်တွေကို Gen- eral Education ဆိုပြီး အားလုံးအကျုံးဝင်တဲ့ ပုံစံနဲ့ အထွေထွေပညာရပ်များ အဖြစ်လည်း သင်ကြားပေးခဲ့ကြတယ်။ Special Educationဆို သီးခြား သဘောဆောင်တဲ့ အထူးပြုပညာရပ်တွေအဖြစ်လည်း သင်ကြားပို့ချခဲ့ကြတယ်။ ဒါ. . . ယေဘုယျ နားလည်လက်ခံထားကြတဲ့ ပညာရေးပါ။

ဒီစနစ်ဟောင်း ပညာရေးရဲ့ ဖွင့်ဆိုမှုမှာ “ပညာရေးဆိုတာ အသိအတတ်ပညာရပ်တွေနဲ့ လူမှုနီတိတွေကို လူငယ်လူရွယ်တွေကို သင်ကြား ပို့ချပေးခြင်း ဖြစ်တယ်” လို့ ဆိုပါတယ်။ အပေါ်ယံသဘောနဲ့ ကြည့်မြင်မယ်ဆိုရင် တော့ ဒီဖွင့်ဆိုမှုဟာ မှန်သယောင်ရှိပါတယ်။ ဒါပေမယ့် အတွင်းသဘောအရတော့ စနစ်ဟောင်း ပညာရေးရဲ့ ဖွင့်ဆိုမှုမှာ အားနည်းချက် အတော်များများကို တွေ့ရမှာပါ။ အဓိက အားနည်းချက်အနေနဲ့က အသိ, အတတ်ပညာရပ်တွေရဲ့ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်ခြင်းနဲ့ သင်ကြားပို့ချခြင်းဆိုတဲ့ Teaching ပိုင်းမှာ အခြေခံခြင်းတို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ မမေးမြန်း မစူးစမ်းရဘဲ ဘာသာတရားတွေကို လက်ခံ ယုံကြည်ခဲ့ရတယ်။ ဓားရေးသာထက်ပြီး ဆင်ခြင်တုံတရားမဲ့တဲ့ သမိုင်းသူရဲကောင်းတွေကို ကိုးကွယ်ခဲ့ရတယ်။ လူနဲ့ လူအဖွဲ့အစည်းတို့ရဲ့ သဘော သဘာဝတွေကိုမှ နားမလည်ရသေးခင် ကိုယ်ကျင့်နီတိနဲ့ လူမှုဓလေ့ထုံးတွေ ရဲ့ကန့်သတ်တားမြစ်ခြင်းကို ခံခဲ့ကြရတယ်။ လူငယ်လူရွယ်တွေဟာ မိမိတို့ရဲ့ စိတ်ဉာဏ်တံခါး ပွင့်လင်းနိုးထစ အရွယ်မှာပဲ သိပ်ပြီး အရေးကြီးလှတဲ့ အမည်နာမတွေ၊ ခုနှစ်သက္ကရာဇ်တွေ၊ ကုန်စည်အမျိုးအစား၊ စာရင်းဇယားတွေ၊ သိပ္ပံညီမျှခြင်းတွေ၊ စက်မှုအတတ်တွေကို နှုတ်တက်အာဂုံဆောင် လက်ထပ်သင်ယူရင်း မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို စာသင်ကျောင်းတွေမှာ မြှုပ်နှံခဲ့ရပါတယ်။

ဒီနေရာမှာ ကျွန်တော်က ‘ပညာရေးဆိုတဲ့ လွန်စွာ အဖိုးထိုက်တန်တဲ့ လူမှုရတနာတစ်ပါးကို အငေါ်တူးတာမဟုတ်ပါဘူး။ ဒီရတနာရဲ့ တန်ဖိုးကိုမသိ နားမလည်ခြင်းကိုသာ ထောက်ရှုချင်တာပါ။ အမေရိကန် ဒဿနပညာရှင် ဂျွန်ဂျူဝီ (Joun Dewey)က ‘ပညာရေးဆိုသည်မှာ လူမှု၊ ပညာအမွေအနှစ်များအား မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုသို့ လက်ဆင့်ကမ်း ကူးပြောင်းပေးခြင်း ဖြစ်သည်”လို့ ဆိုပါတယ်။ ဒါပေမယ့် မျိုးဆက်သစ်လူငယ်တွေကို စူးစမ်းရှာဖွေ တတ်အောင်၊ တွေးဆမြော်မြင်တတ်အောင်၊ တီထွင်ဖန်တီးတတ်အောင် အလေ့အကျင့် မပေးဘဲနဲ့တော့ ပညာအစစ် လူမှုအမွေအနှစ်တွေကို လက် ဆင့်ကမ်းခြင်း မမည်ပါဘူး။

ဆိုလိုချင်တာကတော့ စာသင်ကျောင်းတွေက ကျွန်တော်တို့ကို သင်ကြားပို့ချပေးခဲ့တဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ၊ သမိုင်း၊ ပထဝီစတဲ့ ဘာသာရပ်တွေဟာ ပညာမဟုတ်ပါဘူး။ Data, Information တွေပါ။ အချက်အလက်တွေပါ။ အဲဒီအချက်အလက်တွေကို သိရုံမှတ်မိရုံနဲ့ ကျွန်တော်တို့ဟာ တကယ့်ပညာတတ်ကြီးတွေ၊ ပညာရှင်တွေအဖြစ် မော်ကြွားကောင်း မော်ကြွားမိပါလိမ့်မယ်။ ဘွဲ့လက်မှတ်တွေ၊ (Diploma, Certificate)နဲ့ ထင်တစ်လုံး ရောက်နေပါလိမ့်မယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် စစ်မေးကြည့်ကြရအောင်။

ဘာသာပညာရပ်တွေမှာပဲ ဖြစ်ဖြစ်၊ စီးပွားဆက်ဆံရေး နယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ လူမှုအပြောင်းအလဲနဲ့ ယဉ်ကျေးမှုရေးရာ ကိစ္စတွေမှာပဲဖြစ်ဖြစ် ငါဟာ စူးစမ်းရှာဖွေသူ တစ်ယောက်ဖြစ်ပြီလား။ ငါ့မှာ စဉ်းစားတွေးခေါ်နိုင်တဲ့ အရည်အချင်းရော ရှိပြီလား။ လူမှုစီးပွားနဲ့ အထွေထွေ ပြဿနာရပ်တွေအပေါ် မှာရော သုံးသပ်ဖြေရှင်းနိုင်စွမ်း ရှိပြီလား။ တကယ်လို့ အဲဒီအရည်အချင်း အစွမ်းအစမျိုးတွေမှ မရှိသေးဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ပညာရေးဘဝကို ပြန်လည်တည်ဆောက်ဖို့လိုကြောင်း သတိပြုရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီပညာရေးဟာ စာသင်ကျောင်းနဲ့ တက္ကသိုလ်ကောလိပ်တွေမှာမှ တက်ရောက်သင်ယူရမယ့် ပညာရေးမဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တွင်းက လာတဲ့ စိတ်ကူးအကြံဉာဏ်ရယ်၊ အလေ့အကျင့်ပေါ်မှာ အခြေခံတဲ့ သင်ယူ ဆည်းပူးခြင်း (Learning)ဆိုတဲ့ ပညာရေးပါပဲ။

တကယ်တော့ ကျွန်တော်တို့ဟာ စာသင်ကျောင်းတွေမှာ ၁၀ နှစ်၊ ၁၅ နှစ် ဆည်းပူးခဲ့ကြပေမယ့် ပညာရေးရဲ့ စစ်မှန်တဲ့ အတွေ့ အကြုံကို မရရှိခဲ့ ကြပါဘူး။ ပညာရေးရဲ့ ဆန်းကြယ်မှု၊ သစ်လွင်မှု၊ နက်ရှိုင်းကြွယ်ဝမှု စတဲ့ ဂုဏ်ယူလောက်စရာ တန်ဖိုးရသတွေကို မခံစားရဘဲ ငြီးငွေ့စိတ်ပျက်ဖွယ် ပို့ချချက်တွေမှာ နစ်မွန်းခဲ့ကြရပါတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်လွတ်လပ်မှုဟာ နံရံလေးဖက်စာသင်ခန်းတွေရဲ့ ဝါးမျိုခြင်းကို ခံခဲ့ကြရပါတယ်။ ဒါ ကြောင့်လည်း ကျွန်တော်တို့ဟာ ပညာရေးလောကမှာ ဝေဖြာနေရမယ့်အစား ရွက်ကြွေ၊ မြစ်ခြောက်၊ ပင်စည်မဖွံ့ဖြိုးတဲ့ အဖြစ်အခြေကို ရောက်ခဲ့ကြရ ပါတော့တယ်။

ပညာ၊ ပညာရေး

ပညာရေးဆိုတာ လူကိုဖွံ့ဖြိုးအောင်လုပ်တဲ့ ဖြစ်စဉ်ပါ။ အခု ကျွန်တော်တို့ သိထားတဲ့ Education ဆိုတာ လက်တင်မူလ Educexe က ဆင်းသက်လာပြီး to lead forth, to bring out လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ရှေ့ဆောင်မှုပြုခြင်း၊ ဖော်ထုတ်ပေးခြင်း သဘောပါ။ လူငယ် လူရွယ်တွေရဲ့ ပင်ကိုဗီဇ အရည်အသွေးတွေကို ဖော်ထုတ်မြှင့်တင်ပေးဖို့နဲ့ ဘဝလမ်း၊ ဓမ္မလမ်းတွေကို ညွှန်ပြရှေ့ဆောင် ပေးဖို့ဆိုတာတွေဟာ ပညာရေးရဲ့ အခြေခံကျတဲ့ ရည်မှန်းချက်တွေပဲ ဖြစ်ပါတယ်။ ပထမအဆင့်ကတော့ လူငယ် လူရွယ်တွေရဲ့ ကာယစိတ္တ ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်မြက် ရင့်ကျက် လာစေဖို့ပါ။ ဒုတိယအဆင့်ကတော့ လောကဓမ္မ အမှန်တရားတွေကို ချဉ်းကပ်နားလည်ပြီး ကိုယ်ကျင့်ကောင်းမြတ် သမမျှတတဲ့ အမြင်ရှိစေဖို့ပါ။ ဒါမှလည်း ကျွန်တော်တို့ဟာ ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီး စွမ်းဆောင်ရည် ပြည့်ဝတဲ့ ပုဂ္ဂလလူသားကောင်း (Well-rounded Individual) တွေ ဖြစ်လာကြမှာပါ။

ပညာရေးဟာ ပညာဘာသာရပ်တွေကို သင်ကြားပို့ချပေးခြင်းမှာပဲ တည်မနေရပါဘူး။ လူငယ်လူရွယ်တွေကို စူးစမ်းရှာဖွေတတ်အောင်၊ တွေးဆ ဖြေရှင်းတတ်အောင်၊ တီထွင်ဖန်တီးတတ်အောင် အလေ့အကျင့်ကောင်းတွေ ပေးပါမှ ပညာရေးရဲ့ ရည်မှန်းချက်က ပြည့်စုံအောင်မြင်မှာပါ။ ကျွန်တော်တို့ဟာ ဘဝဆိုတဲ့ သေတ္တာအလွတ်ကြီးထဲမှာ စာအုပ်တွေအပြည့်၊ အတွေ့ အကြုံတွေအပြည့်၊ အတွေးအကြံတွေအပြည့်၊ ပညာဗဟုသုတတွေ အပြည့် နဲ့ လူ့လောကထဲ ဝင်ရောက်လာတာ မဟုတ်ပါဘူး။ ဂျွန်လော့ခ် (John Locke) ရဲ့ စကားကို ယူသုံးရရင် ကလေးတစ်ယောက်ရဲ့ စိတ်အမှတ်သညာဟာ အဖြူ သက်သက်ပါ။ ဘာအစွန်းအထင်း အရေးအခြစ်မှ မရှိပါဘူး။ တဖြည်းဖြည်း လူ့လောကထဲ ဝင်ရောက်ကြီးပြင်းလာမှသာလျှင် ဘဝဝန်းကျင်ရဲ့ အရေး အခြစ် ထင်ဟပ်ချက်တွေကြောင့် အတွေ့အကြုံ အသိအမြင်တွေ ကြွယ်ဝလာခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ခေတ်ဟောင်းပညာရှင်တွေကတော့ ကလေးငယ်တို့ရဲ့ စိတ်အသိထဲကို ပညာဗဟုသုတနဲ့ စရဏတန်ဖိုးတွေ ဖြည့်ဆည်းသွတ်သွင်းပေးဖို့ စဉ်းစားကြပါတယ်။ အဲဒီအခြေခံကတစ်ဆင့် မအေက သားကို၊ ဆရာက တပည့်ကို၊ လူကြီးက လူငယ်ကို၊ ဘုန်းကြီးက သာဝကကို တစ်လမ်းမောင်း သင်ကြားပို့ချပေးခြင်း နည်းဟန်နဲ့ ပညာရေးဘဝကို ဖြေရှင်းပေးခဲ့ကြပါတယ်။ လူငယ်လူရွယ်တွေကတော့ သက်ကြီးမျိုးဆက်ဆရာသမားတွေရဲ့ အပို့အချကိုပဲ နှုတ်တက်အာဂုံဆောင် ရေးမှတ်သင်ယူခဲ့ကြရတယ်။ ခေတ်သစ် ပညာရေး စိတ်ပညာကတော့ ဒီနည်းစဉ်ကို လက်မခံပါဘူး။ လူသားဟာ ပညာ အပြည့်၊ အတွေ့ အကြုံအပြည့်နဲ့ မွေးဖွားလာခြင်းမဟုတ်သော်မှ ငယ်စဉ်ဘဝ ကတည်းက ကိုယ်တွင်းဗီဇစွမ်းရည် (Faculty) တွေ ကိုယ်စီရှိတယ်လို့ ဖော်ထုတ်တင်ပြကြပါတယ်။ ကြားမြင် ထိသိမှုများကို အာရုံခံခြင်း၊ ရုပ်ပိုင်းစိတ်ပိုင်း လိုအပ်ချက်တွေကို လိုလားတောင့်တခြင်း၊ အာရုံထင်ဟပ်ချက်တွေကို သိမှတ် သိုမှီးနိုင်ခြင်း၊ စိတ်ကူးတွေးကြံခြင်းနဲ့ စဉ်းစားဆင်ခြင်ခြင်းစတဲ့ ကိုယ်တွင်းစွမ်းရည်တွေဟာ ကလေးငယ်ဘဝကစတင်ပြီး တစ်စတစ်စ ဖွံ့ဖြိုးရင့်ကျက်မှု ရှိလာပါတယ်။

ကလေးငယ်မှာ သူ့ကိုယ်သူ သင်ယူမှုရှိပါတယ်။ သူ့ပတ်ဝန်းကျင် အပေါ် သင်ယူမှုရှိပါတယ်။ ကလေးငယ်ဟာ သူမသိသေးတဲ့၊ သူမကြား၊ မမြင်ဖူးသေးတဲ့၊ သူမကျွမ်းကျင်သေးတဲ့ ဘဝအတွေ့ အကြုံ၊လောကအတွေ့ အကြုံတွေကို သင်ယူဆည်းပူးခြင်းရဲ့ အစနိဒါန်းပါပဲ။ ပညာရေး စိတ်ပညာရှင်တွေကလည်း ကလေးငယ်တို့ရဲ့ သင်ယူဆည်းပူးခြင်း အတွေ့အကြုံကို ဆက်လက်ပျိုးထောင်ပေးဖို့ အကြံပြုကြပါတယ်။ ပညာရေးပါရဂူဂျွန်ဂျူဝီက ‘ကလေး ငယ်တွေကို သင်္ချာ၊ သမိုင်းစတဲ့ ဘာသာရပ်တွေကို သင်ကြားပို့ချပေးခြင်းနဲ့ မစတင်ဘဲ ကိုယ်တိုင် အတွေ့ အကြုံပေါ်က သင်ယူဆည်းပူးစေခြင်းနဲ့ စတင်ရမယ်’ လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ စာသင်ကျောင်းတွေကို ရောက်တဲ့အခါကျတော့ ငယ်စဉ်ဘဝ သင်ယူဆည်းပူးခြင်း အတွေ့ အကြုံတွေဟာ လွင့်ပါးကွယ် ပျောက်ကုန်ကြပါတယ်။ ဆရာ၊ ဆရာမတွေက ကျွန်တော်တို့ကို သင်ရိုး ဘာသာရပ်တွေ သင်ကြားပေးပါတယ်။ ကျွန်တော်တို့က အဲဒီဘာသာရပ်တွေကို စိတ်ထဲ၊ ဦးနှောက်ထဲ စွဲမြဲနေအောင် ကျက်မှတ် လေ့ကျင့်ကြရပါတယ်။

ယေဘုယျအားဖြင့်တော့ ပညာဗဟုသုတတွေ မှတ်သားတိုးပွားတာကို လက်ခံ ရမှာပါ။ ဒါပေမယ့် မှတ်ဉာဏ်စနစ်သာ ဖွံ့ဖြိုးပြီး အခြားသော စိတ်ကူး တွေးကြံမှု၊ စဉ်းစား ဆင်ခြင်မှု၊ ပြဿနာဖြေရှင်းမှု၊ တီထွင်ဖန်တီးမှု စတဲ့ စိတ်ဉာဏ် အရည်အသွေးတွေ မဖွံ့ဖြိုးရင်ဖြင့် စစ်မှန်တဲ့ ပညာစွမ်းရည်တွေကို ရရှိပိုင်ဆိုင်လိမ့်မယ် မဟုတ်ပါဘူး။ သင်ယူဆည်းပူးခြင်း အတွေ့အကြုံမှာတော့ လူငယ်လူရွယ်တွေရဲ့ ကာယစိတ္တ ဖွံ့ဖြိုးမှုနဲ့ဉာဏ်ရည်ဉာဏ်သွေးထက်မြက် ရင့်ကျင်မှုကို ဖြစ်ထွန်းစေမှာပါ။

သင်ယူဆည်းပူးခြင်း

ပညာရေးနဲ့ သင်ယူဆည်းပူးခြင်းဆိုတာ ဒင်္ဂါးတစ်ခုရဲ့ ခေါင်းနဲ့ပန်းလို ပါပဲ၊ ခွဲခြားလို့ မရပါဘူး။ ပညာရေးဟာ သင်ယူဆည်းပူးတတ်အောင် အလေ့အကျင့်ပေးခြင်း ဖြစ်သလို သင်ယူဆည်းပူးခြင်းဆိုတာကလည်း အသိအတတ် ပညာတွေ ကြွယ်ဝဖွံ့ဖြိုးလာဖို့ပါ။

သမားရိုးကျ ပညာရေး (Formal Educa- tion)မှာတော့ လူလူသူသူ ဘွဲ့ကလေးတစ်လုံးရဖို့၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ အာမခံချက်လေး ရှိဖို့၊ ပညာတတ်ဆိုတဲ့ ဂုဏ်ရည်လေးတစ်ခု ပိုင်ဆိုင်ဖို့ဆိုပြီး အတန်းပညာ၊ ကျောင်းပညာတွေ သင်ယူခဲ့ကြရပါတယ်။ ဘယ်လိုအကြောင်းအရာတွေ သင်ယူဆည်းပူးရမယ်ဆိုတာ ကျွန်တော်တို့ မရွေးချယ်ခဲ့ပါဘူး။ ဘယ်လိုနည်းနာတွေနဲ့ သင်ယူဆည်းပူးမလဲ ဆိုတာကိုလည်း ကျွန်တော်တို့ မတွေးဆခဲ့ပါဘူး။ ရိုးရိုးသားသားဆိုရရင် ကျွန်တော်တို့ စာသင်သားအများစု က သင်ယူဆည်းပူးခြင်းရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး ဂဏစေ့ငုစွာ သိနားလည်ခြင်း မရှိကြသေးပါဘူး။ ဒါကြောင့်မို့လို့လည်း သင်ကြားပေးသမျှ ဘာသာရပ်တွေကိုသာ ဖတ်မှတ်ခဲ့ရတာ ဖြစ်ပါတယ်။

သင်ယူဆည်းပူးခြင်းရဲ့ တရား ကိုယ်သဘောဟာ အပြင်က မလာပါဘူး၊ အတွင်းပိုင်း ဖွံ့ဖြိုးမှုက လာပါတယ်။ ရှင်းအောင်ဆိုရရင် ကျွန်တော်တို့ရဲ့ အာရုံသိမှတ်နိုင်စွမ်း၊ တွေးဆဖြေရှင်းနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းဆိုတဲ့ ကိုယ်တွင်းစွမ်းရည်တွေဟာ သင်ယူဆည်းပူးခြင်း အရင်းအမြစ်တွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီစွမ်းရည်တွေ ကျွန်တော်တို့ ကိုယ်တွင်းမှာရှိရုံနဲ့တော့ သင်ယူဆည်းပူးခြင်း အတွေ့အကြုံကို ပိုင်ဆိုင်ရရှိမှာမဟုတ်ပါဘူး။ ဆည်းပူးခြင်းမှာ ကိုယ်တွင်းနိုးကြားမှု၊ စိတ်ပါဝင်စားမှု၊ အာရုံစူးစိုက်မှု၊ စွဲမြဲ ဝီရိယရှိမှုတို့ လိုအပ်ပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့ ဘဝဖြတ်သန်းမှု၊ ဝန်းကျင် လေ့လာမှုတွေမှာ အတွေ့ အကြုံကောင်းတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းနဲ့ ကျောင်းပညာ သင်ယူခြင်းတွေမှာလည်း ကြွယ်ဝတဲ့ ပညာရင်းမြစ်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဘဝ အတွေ့အကြုံကောင်းတွေ၊ ပညာရင်းမြစ်တွေကို စနစ်တကျ စုပ်ယူအသုံးမချနိုင် ခဲ့ဘူး မဟုတ်လား။ အဲဒါ ဘာကြောင့်ပါလဲ။ ကျွန်တော်ရှေ့မှာ တင်ပြခဲ့တဲ့ ကိုယ်တွင်းနိုးကြားမှု စိတ်ပါဝင်စားမှု၊ အာရုံစူးစိုက်မှုနဲ့ စွဲမြဲဝီရိယရှိမှု အပိုင်းတွေမှာ လိုအပ် အားနည်းချက်တွေ ရှိနေလို့ပါပဲ။

သင်ယူဆည်းပူးခြင်း (Learning)ရဲ့ ရိုးစင်းလှတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု ကတော့ (Getting to Know)လို့ ဆိုပါတယ်။ သိဖို့အားထုတ်တာ၊ သိဖို့ ရှာဖွေတာ၊ သိဖို့ ဆွေးနွေးတာ၊ သိဖို့ ကြံစည်တာ၊ သိဖို့ စူးစိုက်တာ ဒါသင်ယူဆည်းပူး ခြင်းပါပဲ။ ပညာရှင်တစ်ဦးကတော့ Learning ဆိုတာ Understanding ဖြစ်ဖို့လို့ ဆိုပါတယ်။ အပေါ်ယံသို့ မဟုတ်ပါဘူး။ အတွင်းကိုသိအောင် ချဉ်းကပ် အားတည်ခြင်းပါ။ မိမိတို့ လေ့လာဆည်းပူးနေတဲ့ ပညာဘာသာရပ်တွေနဲ့ ဘဝရဲ့ အနှစ်အသား (Essence)ကို သိနားလည်အောင် ရှာဖွေခြင်းပါ။ ကျွန်တော်တို့ဟာ သင်ယူဆည်းပူးခြင်းမှာ အချက်အလက် သိရုံလောက်၊ ဗဟုသုတ တိုးရုံလောက်နဲ့ ရပ်တန့်မနေပါဘူး။ မိမိလေ့လာမှု နယ်ပယ်ထဲကို ထဲထဲဝင်ဝင် ထိုးဖောက်နားလည်ဖို့နဲ့ ဘဝအသိထဲသို့ သိုမှီးသက်ဝင်စေဖို့ပါ။ ဒီလို အသိလေး ထားပြီး သင်ယူမယ်ဆိုရင် စာပေဝတ္ထုတွေ ဖတ်မှတ်ရုံနဲ့တောင် ကျွန်တော်တို့မှာ အကျိုးများစရာတွေ ရှိပါတယ်။

ဥပမာ-ကျွန်တော်တို့ ရှိတ်စပီးယားရဲ့ ဂန္ထဝင် ဝတ္ထုကြီးတစ်ပုဒ်ကို ဖတ်မယ် ဆိုပါတော့။ ဂျူးလိယက်ဆီဇာပဲဖြစ်ဖြစ်၊ မားချန့်အော့ဖ်ဗင်းနစ်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဖတ်တဲ့အခါမှာ အဲဒီဇာတ်အိမ်ထဲကို စီးမျောပြီး ဝမ်းသာကြည်နူး စရာ၊ ကြေကွဲဒေါသဖြစ်စရာ၊ စက်ဆုပ်မုန်းတီးစရာ သဘောတွေကို ကျွန်တော်တို့ ခံစားမိကြမှာပါ။ ဒါကဝတ္ထုတစ်ပုဒ်ကို ရသခံစားလိုမှုသက်သက်နဲ့ ဖတ်တာ။

သို့သော် ကျွန်တော်တို့ ဖတ်နေတာက ကမ္ဘာ့အဆင့်အတန်းဝင် ဂန္ထဝင် ဝတ္ထုကြီးတွေလေ။ ရသခံစားလိုမှု သက်သက်အတွက်ပဲ ဖတ်မယ်ဆိုရင် ကျွန်တော်တို့ နည်းနည်းတော့ ရှုံးမလားလို့။ အဲဒီတော့ ကျွန်တော်တို့က အသိ လေး၊ သတိလေးကပ်ပြီး ဒီဝတ္ထုကြီးတွေကနေ ကျွန်တော်တို့ ဘာတွေရနိုင်မလဲ။ ဘာတွေသိနိုင်မလဲဆိုတဲ့ သင်ယူစိတ်ကလေး ထားကြည့်မယ်။ အဲဒီဝတ္ထုကို နှစ်ခေါက်သုံးခေါက် ဖတ်မယ်။ ပထမအခေါက်တုန်းကတော့ လွတ်လွတ်လပ် လပ် ပေါ့ပေါ့ပါးပါးပေါ့။ နောက်အခေါက်တွေမှာတော့ စိတ်ကလေးစူးစိုက်ပြီး ဖတ် ကြည့်မယ်။ ရှာဖွေကြည့်မယ်။ အဲဒီအခါမှာ ကျွန်တော်တို့ဟာ ကျွန်တော် တို့နဲ့မတူ ခြားနားတဲ့ ယဉ်ကျေးမှုကမ္ဘာလေး တစ်ခုထဲကို ရောက်နေသလို ခံစားရပါလိမ့်မယ်။

အဲဒီကမ္ဘာလေး (ဇာတ်အိမ်)ထဲက လူတွေရဲ့ အပြုအမူ၊ အတွေ့ အကြုံ၊ ဘဝနေဟန်တွေကို ကျွန်တော်တို့ သိလာပါလိမ့်မယ်။ သူတို့ လူ့အဖွဲ့ အစည်းတွေရဲ့ လူမှုစီးပွားဘက် အရေးတွေ၊ ဥပဒေရေးရာနဲ့ အုပ်ချုပ်ဆောင်ရွက်ပုံတွေ၊ အခြားပညာဗဟုသုတတွေကို ကျွန်တော်တို့ တွေ့ ရှိ နားလည်လာပါ လိမ့်မယ်။ နောက်ပြီး အဲဒီ ဇာတ်အိမ်တည်ထားတဲ့ ခေတ်ကာလအခြေအနေနဲ့ စာဖတ်သူတို့ရဲ့ ခေတ်ကာလအခြေအနေ ကွာဟမှုအပေါ်မှာလည်း နှိုင်းယှဉ် လေ့လာနိုင်ပါလိမ့်မယ်။ ကျွန်တော့် အတွေ့ အကြုံအရ အဲဒီဂန္ထဝင်စာပေတွေ ဖတ်မှတ်ပြီး တစ်ခုခု တိုးပြီး သိလာတယ်။ တစ်ခုခု တိုးပြီး နားလည်လာတယ်ဆို သိပ်ပျော်ဖို့ ကောင်းပါတယ်။ စိတ်ထဲမလဲ လွတ်လပ်ပေါ့ပါးလာပါတယ်။ ဒီအပိုင်းကို ချုပ်ပြောရရင်တော့ စာဖတ်ခြင်းမှာလည်း သင်ယူနိုင်တယ်ဆိုတာ ပါပဲ။ ဂန္ထဝင် ခေတ်သစ် စာကောင်းပေမွန်တွေနဲ့ အခြားပညာရပ် စာပေ၊ ခရီး သွားစာပေ၊ သမိုင်း၊ အတ္ထုပ္ပတ္တိစတဲ့ စာအုပ်စာပေတွေမှာ ကျွန်တော်တို့ သင် ယူဆည်းပူးစရာ ပညာဗဟုသုတတွေ အများကြီးရှိနေပါတယ်။

စာအုပ်စာပေတွေမှာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ စာသင်ခန်းမှာ ကျွန်တော်တို့ အလုပ်ခွင်မှလည်း သင်ယူဆည်းပူးစရာတွေ ထုနဲ့ထည်နဲ့ပါ။ ဆိုပါတော့ ကျွန်တော်တို့ စာဖတ်မယ်။ ကျောင်းမှ ပညာသင်မယ်။ ခရီးသွားမယ်။ လူမှုဘဝလေ့လာမယ်။ အလုပ်နဲ့ကျွမ်းကျင်မှ အတွေ့အကြုံတွေကို လက်တွေ့ ပွားများမယ်။ အားကစားနဲ့ ကျန်းမာရေး လိုက်စားမယ် စသလို ကိုယ်ပိုင်ဘဝ ဖြတ်သန်းမှုတွေမှာ ကျွန်တော်တို့က အာရုံကလေးဝင်စား၊ သတိကလေးထားပြီး ချဉ်းကပ်သင်ယူမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကိုယ်စွမ်းကိုယ်ရည်တွေ ပြောင်းလဲတိုးတက်လာမှာ အမှန်ပါပဲ။

သင်ယူခြင်းဆိုတာ careful study ပါ။ ကျွန်တော်တို့ ခေတ်ရဲ့ လူငယ်လူရွယ်တွေဟာ စာသင်ကျောင်းတွေ၊ သင်တန်းခန်းမတွေမှာ ပညာရှာဖွေ ဆည်းပူးကြတာ မှန်ပါတယ်။ ဒါပေမယ့် ပညာ၊ ဘာသာရပ်နဲ့ အလုပ်ကျွမ်းကျင် မှု အဆင့်တွေမှာတော့ စာသင်သား အများစုဟာ နောက်ကောက်ကျနေတာကို တွေ့ ရမှာပါ။ သူတို့ဟာ ပညာရင်းမြစ်တွေကို မရှာဖွေနိုင်ကြဘူး။ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး စနစ်တကျသိနားလည်ခြင်း မရှိဘူး။ လက်တွေ့ ကျွမ်း ကျင်မှုအပိုင်းမှာလည်း အားနည်းချက်တွေ ရှိကြပါတယ်။ ဒါ careful study မရှိလို့ပါ၊စနစ်တကျ လေ့လာမှုမရှိလို့ပါ၊ စူးစိုက်သင်ယူမှုမျိုး မရှိလို့ပါ။ အခု ကျွန်တော်တို့ခေတ်ရဲ့ လူငယ်လူရွယ်တွေဟာ ဒီအားနည်းချက်တွေကို ပြုပြင် ပြောင်းလဲပစ်ရမှာပါ။ ခေတ်က ပညာခေတ်ဖြစ်နေပါပြီ။ လူ့အဖွဲ့အစည်းအသီးသီးကလည်း အမြဲသင်ယူနေတဲ့ အဖွဲ့အစည်းမျိုးဖြစ်အောင် အားထုတ်ကြိုးပမ်း နေကြပါပြီ။ ဒီခေတ် ဒီအခြေအနေမျိုးမှာ ကျွန်တော်တို့အနေနဲ့ကလည်း ဘဝတစ်လျှောက်လုံး သင်ယူဆည်းပူးသူတွေဖြစ်အောင် အားထုတ်ကြရပါလိမ့် မယ်။

ဘဝပညာ ရှာဖွေပါ

ဒီနေရာမှာ သင်ယူဆည်းပူးခြင်းနဲ့ ပညာရေးရဲ့ အစပ်အဟပ်ကိုလည်း အနည်းငယ် ဖြည့်စွက်ဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ ငယ်ဘဝမှာ ပညာရေးမှာ ဘက်စုံဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး အထွေထွေပညာရေးကို ပေးခဲ့ကြတယ်။ သမိုင်း၊ ပထဝီ၊ သင်္ချာ၊ လူမှုရေး၊ ပတ်ဝန်းကျင် လေ့လာမှု အားကစားနဲ့ ကျန်းမာရေး စသဖြင့်ပေါ့လေ။ ဘာသာရပ်နယ်ပယ် အတော် များများကို သင်ယူဆည်းပူးခဲ့ကြရတယ်။ ဒီသင်ယူမှုမှာ ကျွန်တော်တို့ အကျိုးများတာတွေ ရှိပါတယ်။ အဓိကအချက်ကတော့ အထွေထွေ ဗဟုသုတနဲ့ ကိုယ်တွင်းစွမ်းရည်၊ ဆက်ဆံရေးစွမ်းရည်တွေ ဖွံ့ဖြိုးလာကြတာပါပဲ။ ဒီဘာသာရပ်တွေကနေပြီး ပညာဗဟုသုတတွေ တိုးပွားလာတယ်။ ကျွန်တော်တို့ရဲ့မှတ်ဉာဏ်အတွေးအကြံနဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေ ထက်မြက်လာတယ်။ အဲဒီကမှတစ်ဆင့် ထက်မြက်လာတယ်။ အဲဒီကမှတစ်ဆင့် ပညာသင်ယူ ဆည်းပူးခြင်း အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ရရှိလာပါတယ်။ တစ်ဖက်ကလည်း စာသင်ကျောင်းဘဝကနေပြီး ဆက်ဆံရေးစွမ်းရည်နဲ့ လူမှုရေးအသိအမြင်တွေ ထက်သန်ရင့်ကျက်လာတာလည်း ရှိပါတယ်။

နောက်တစ်ပိုင်းက အထူးပြုပညာရေးပါ။ အထူးပြုပညာရေးဆိုတာ ပညာဘာသာရပ် တစ်ခုခုကိုပဲ စူးစိုက်လေ့လာရတဲ့ သဘောပါ။ ဘောဂဗေဒ ဖြစ်ချင်ဖြစ်မယ်၊ ရူပဗေဒဖြစ်ချင်ဖြစ်မယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာ ဒါမှမဟုတ် ကုန်ထုတ်ဓာတုလည်း ဖြစ်ချင်ဖြစ်မယ်။ သက်မွေးကျွမ်းကျင်မှုနဲ့ ဆိုင်တဲ့ စိုက်ပျိုးရေး၊ စက်မှုနည်းပညာနဲ့ ဗိသုကာပညာရပ်တွေလည်း ဖြစ်ချင် ဖြစ်မယ်။ အဲဒီပညာဘာသာရပ် နယ်ပယ်တွေကနေပြီး ကျွန်တော်တို့ စိတ်ပါ ဝင်စားရာ တစ်ခုခုကို ရွေးချယ်ဆည်းပူးခြင်းဟာ အထူးပြု ပညာရေးပါပဲ။ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူလားမြောက် အရွယ်ရောက်လာတဲ့အခါမှာ ပညာဘာသာရပ် တစ်ခုခုကို ကျွမ်းကျင်နှံ့စပ်စွာ လေ့လာသင်ယူပြီး ဖြစ်နေ ဖို့ပါ။ ပညာနဲ့ယှဉ်ပြိုင်တဲ့ခေတ်၊ ကျွမ်းကျင်မှုနဲ့ ရွေးချယ်တဲ့ အခွင့်အလမ်းတွေမှာ ကျကျနန စွမ်းဆောင်ပြနိုင်ဖို့ရာ ကျွမ်းကျင်နှံ့စပ်တဲ့ ပညာဘာသာရပ် တစ်ခု တော့ ကျွန်တော်တို့မှာ လိုအပ်ကောင်း လိုပါလိမ့်မယ်။

ဒါပေမယ့် ပညာဘာသာရပ် ရွေးချယ်မှုမှာတော့ အခက်အခဲတွေ ရှိနိုင်ကောင်းပါတယ်။ မိမိရွေးချယ်မယ့် ဘာသာရပ်ဟာ မိမိစိတ်ပါဝင်စားရာ၊ ဝါသနာပါရာ ဟုတ်,မဟုတ်၊ ခေတ်ကာလအခွင့်အလမ်းတွေနဲ့ ကိုက်ညီ, မကိုက်ညီ၊ ရေရှည်မှာ အကျိုးဖြစ်ထွန်းမှုရှိမရှိ ဆိုတာတွေကို ကျွန်တော်တို့ ထည့်သွင်း စဉ်းစားရမှာပါ။ ခေတ်စားပေမယ့် မိမိစိတ်မဝင်စားတာ၊ မိမိစိတ် ဝင်စားပေမယ့် အနာဂတ်အခွင့်အလမ်းမရှိတာတွေကိုလည်း တွေ့ကြုံရင်ဆိုင် ရမှာပါ။ ဒါက ပညာရေးနယ်ပယ်အတွင်းက ဘာသာရပ် ရွေးချယ်မှုအပိုင်းပါ။ စစ်မှန်တဲ့ သင်ယူဆည်းပူးခြင်းမှာတော့ ဘာသာရပ် ရွေးချယ်မှုထက် အဲဒီ ဘာသာရပ်ကို ထဲထဲဝင်ဝင်ရှိမှုကသာ ပိုပြီး အရေးကြီးပါတယ်။

သင်ယူဆည်းပူးတယ်ဆိုတာ ပညာရပ်တွေရဲ့ အနှစ်အသားကို လေ့လာတာပါ။ လောကဓမ္မကို ရှာဖွေတာပါ။ မိမိရဲ့ တစ်ကိုယ်ရေ ဖွံ့ဖြိုးမှုနဲ့ ကိုယ်တွင်း အဇ္ဈတ္တကို စူးစိုက်ကြည့်တာပါ။ လူနဲ့လူ့အဖွဲ့အစည်းရဲ့ ဆက်ဆံရေးဘဝကို တည်ဆောက်ကြတာပါ။ ဒီမှာတော့ ပညာရပ်တွေရဲ့ အနှစ်အသားကိစ္စကို တည်မှီဆွေးနွေးမှာပါ။ ဥပမာ -ကျွန်တော်တို့ သမိုင်းဘာသာရပ်လေ့လာမယ် ဆိုပါတော့၊ သမိုင်းရဲ့ သက္ကရာဇ်တွေ၊ အဖြစ်အပျက်တွေ နန်းစဉ်ဇယားတွေ၊ လူထုလှုပ်ရှားမှုတွေကို မှတ်သားမိကြပါလိမ့်မယ်။ ဒါယေဘုယျ သင်ယူမှုပါ။ careful study လုပ်မယ်။ စနစ်တကျ သင်ယူလေ့လာမယ်ဆိုရင်တော့ အဲဒီ အချက်အလက် (data) တွေအပြင် လူ့သမိုင်းရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုနဲ့ လူ့ အဖွဲ့အစည်းအသီးသီးရဲ့ လူမှုအတွင်းသား ပြောင်းလဲမှုဖြစ်စဉ်တွေကို သိရှိ နားလည်လာပါလိမ့်မယ်။ ဒီလို လူမှုအပြောင်းအလဲတွေကို လေ့လာမိမှလည်း သမိုင်းပညာရဲ့ အနှစ်အသားသဘောကို ဖမ်းဆုပ်မိမှာဖြစ်ပါတယ်။

သမိုင်း ပညာရပ်မှမဟုတ်ပါဘူး၊ ရူပဗေဒကို လေ့လာတဲ့ နေရာမှာလည်း သဘာဝ တရားတို့ရဲ့ လျှို့ဝှက်ချက်နဲ့ အနုရုပ်တို့ရဲ့ ပျက်ခြင်း ပြောင်းလဲမှုတရားတွေကို ရှာဖွေ နိုင်မှာပါ။ သီအိုရီတွေ၊ ညီမျှခြင်းတွေကို တွက်ချက် အဖြေရှာတတ်ရုံနဲ့ တော့ အစစ်တရား၊ အနှစ်အသားတွေဆီ ချဉ်းကပ်နိုင်မယ် မဟုတ်ပါဘူး။ ခြွင်းချက်တော့ ရှိပါတယ်။

ကျွန်တော်တို့ရဲ့ အတော်အများစုဟာ ဉာဏ်ကြီးရှင်တွေ၊ မဟာပညာ ကျော်တွေ မဟုတ်ကြပါဘူး။ ဒီတော့ ပညာဘာသာရပ်တွေရဲ့ အစစ်တရား၊ အနှစ်တွေကိုလည်း လက်ဆင့်ကမ်း ဖွံ့ဖြိုးစေနိုင်ပါလိမ့်မယ်။

(ဆောင်းပါးရှင် သူရိန်ထက်လင်း ရေးသားထားပြီး ရန်ကုန်လမ်းမများစာပေက ထုတ်ဝေထားတဲ့ “ပညာရေးအတွေး၊ ဒဿနအမြင်” စာအုပ်ပါ အကြောင်းအရာတွေကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။)

သူရိန်ထက်လင်း

The Tanintharyi Times