ထောင်ထဲမှာ လောင်းကစား

ထောင်ထဲမှာ လောင်းကစား

တစ်ရက်တော့ ဘေးနားမှာ အတူအိပ်ရတဲ့ အကျဉ်းသားအဖော်က စာရွက်ပိုင်းလေးကိုင်ပြီး သူ့ကို စကားလာပြောပါတယ်။

“ခင်ဗျား ကြိုက်တဲ့ အသင်းတွေကို ရွေးပေးစမ်းပါဗျာ” တဲ့။

ဘောလုံးအသင်းတွေကို ရွေးခိုင်းတာပါ။

ထောင်ဆိုတာ အနေဆင်းရဲ၊ အစားဆင်းရဲတယ်ဆိုပေမဲ့ အဲဒီဆင်းရဲမှုတွေကြားထဲမှာ ပျော်စရာကို ရှာတွေ့နေကြသူတွေလည်း မနည်းလှပါဘူး။ အဲဒါကတော့ လောင်းကစားခြင်းပါပဲ။ ထောင်ထဲမှာ လောင်းကစားလုပ်လို့ရတယ်ဆိုတာကို အရင်တုန်းက မသိခဲ့ပါဘူး။

ဘောလုံးအပြင် နှစ်လုံး၊ သုံးလုံး အကုန်လုံး လုပ်လို့ရနေပါတယ်။ အပြင်မှာထက်ကို ပိုပြီး စိတ်ချလက်ချ လုပ်နိုင်ကြပါတယ်။ ဘာလို့ဆို ဘယ်သူကမှ ဝင်ဖမ်းမှာကို မပူပန်ရလို့ပါပဲ။

သူ ဘောလုံးပွဲတွေမကြည့်ဖြစ်တာ နှစ်တွေ အတော်ကြာနေခဲ့ပါပြီ။ ငယ်ငယ်တုန်းက ဘောလုံးပွဲလောင်းတာတွေ နည်းနည်းပါးပါးလုပ်ခဲ့ဖူးပေမဲ့ အချိန်တွေကြာခဲ့ပြိမို့ မေ့လို့တောင် နေပါပြီ။ သူ သိခဲ့တဲ့ ကစားသမားတွေဟာလည်း အသက်အရွယ်ရလာလို့ အနားယူသွားကြပါပြီ။ အခုလက်ရှိမှာ ဘယ်အသင်းမှာ ဘယ်သူတွေ ဝင်ကစားနေတယ်ဆိုတာတွေ၊ ဘယ်အသင်းက ဘယ်လိုခြေစွမ်းမျိုး ရှိနေတယ်ဆိုတာလည်း မသိတော့ပါဘူး။

အဲဒီအကျဉ်းသားဟာ ထောင်ထဲမှာ နှစ်တွေ ကြာနေပါပြီ။ သူလည်း ဘောလုံးလောကအကြောင်း ဘာမှ သိမနေတော့ပါဘူး။ ထောင်ထဲမှာ ဘောလုံးပွဲလည်း ကြည့်ကြရတာမဟုတ်ပါဘူး။ ဝန်ထမ်းတွေဆီကတစ်ဆင့်ပဲ ညတုန်းကတော့ ဘယ်အသင်းက နိုင်သွားပြီဆိုတာတွေ၊ အမှတ်ပေးဇယားအခြေအနေတွေကို သိကြရတာပါ။

လွန်ခဲ့တဲ့နှစ်တွေထဲမှာတော့ ဘောလုံးပွဲတွေ ကြည့်ခွင့်ရခဲ့ကြပါတယ်တဲ့။ ရုပ်သံဖမ်းစက်နဲ့ တီဗီတွေကို အကျဉ်းသားတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ပြီး ကြည့်ခွင့်ရခဲ့ကြတာပါ။ တရားဝင်တော့မဟုတ်ပါဘူး။ ဝန်ထမ်းတွေနဲ့ နားလည်မှုယူပြီးတော့ပေါ့။ ဒီဗီဘီတို့၊ မဇ္ဈိမတို့လို နိုင်ငံရေးသတင်းလိုင်းတွေကိုလည်း ကြည့်ခွင့်ရခဲ့ကြပါတယ်။ အဲဒီလိုပါပဲ အားကစားဂျာနယ်တွေအပြင် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေကိုလည်း မှာယူဖတ်ရှုလို့ ရခဲ့တယ်လို့ ဆိုပါတယ်။ အန်နယ်ဒီအစိုးရ နောက်ပိုင်းနှစ်တွေအထိပေါ့။

၂၀၁၉ ခုနှစ်ထဲမှာ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ဆူပူမှုတွေဖြစ်ခဲ့ပြီးနောက်တော့ အုပ်ချုပ်မှုပိုင်းကို တင်းကျပ်လိုက်တာကြောင့် အဲဒီအခွင့်အရေးတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ အာဏာသိမ်းလိုက်တဲ့အခါမှာတော့ ပိုပြီး ဆိုးသွားခဲ့တာပါပဲ။ နိုင်ငံပိုင်ဖြစ်တဲ့ ရုပ်သံလိုင်းတွေနဲ့ သတင်းစာတွေကိုပဲ ကြည့်ခွင့်၊ ဖတ်ခွင့် ရပါတော့တယ်။

ဒါပေမဲ့ ဘောလုံးပွဲလောင်းတဲ့ကိစ္စတွေကတော့ ဆက်ပြီး ထွန်းကားနေခဲ့ပါတယ်။ ထောင်ထဲမှာ ပိုက်ဆံမကိုင်ကြရပေမဲ့ အဆောင်မှူးတွေ၊ ကိုယ်ခင်ရာမင်ရာ ဝန်ထမ်းတွေဆီမှာ အပ်ထားပြီး စာရင်းဖွင့်ထားနိုင်ကြပါတယ်။

ညနေစောင်းပြီဆိုတဲ့အခါ ဝန်ထမ်းတစ်ယောက်က ဘောလုံးပွဲစဉ်စာရွက်ရွက်ကလေးတစ်ရွက်ကို အဆောင်ကို လာပေးလေ့ရှိပါတယ်။ အဲဒါကို လောင်းကစားမယ့်သူတွေက ဗလာစာရွက်မှာ ပြန်ကူးယူကြရပါတယ်။

ခုနက အကျဉ်းသားဟာ ပုံမှန်ပဲ ဘောလုံးပွဲလောင်းပါတယ်။ ဒါပေမဲ့လည်း အရှုံးချည်းပဲ ဖြစ်နေလို့ ကြာလာတော့ စိတ်ညစ်လာပုံပါပဲ။ ရှုံးတာတွေ ထောင်ဝန်ထမ်းဆီမှာ အကြွေးတွေလည်း တင်နေပါတယ်။ ဒါနဲ့ပဲ အပြောင်းအလဲဖြစ်အောင် သူ့ကို အသင်းလာရွေးခိုင်းတာ ဖြစ်မှာပါပဲ။ ဘောလုံးပေါက်ကြေးစာရွက်ကလေးကို သူ ယူကြည့်လိုက်ပါတယ်။ သူလည်း ဘာမှတော့ မသိပေမဲ့ အသင်းငါးသင်း ရွေးပေးလိုက်ပါတယ်။

မနက်မိုးလင်းလို့ ပွဲရလဒ်တွေ ထွက်လာတဲ့အခါ သူရွေးပေးလိုက်တဲ့ မောင်းဟာ ပေါက်နေတာကို တွေ့ရပါတယ်။ Beginner’s Luck ဆိုတဲ့ လောင်းကစားဆိုရိုးကိုတောင် သတိရစရပါပဲ။

နားမလည်သေးခင် ဆော့တတ်ခါစ လောင်းကစားသမားဟာ အနိုင်ရလေ့ရှိတတ်ကြတာကို ဆိုလိုတာပါပဲ။ နောက်ထပ်လည်း နှစ်ခါသုံးခါလောက် သူ့ကို လာလာရွေးခိုင်းတတ်ပါသေးတယ်။ ဒါပေမဲ့ နောက်

အကြိမ်တွေမှာတော့ မမှန်တော့ပါဘူး။

အဆောင်မှူးတွေ၊ ဝန်ထမ်းတွေက လောင်းကစားဒိုင်တွေရဲ့ ကိုယ်စားလှယ်အဖြစ်လုပ်ကြပါတယ်။ တစ်ခါတလေမှာလည်း အကျဉ်းသာတချို့နဲ့ ဝန်ထမ်းတွေနဲ့ ပေါင်းပြီး ဒိုင်လုပ်တတ်ကြပါတယ်။ ထောင်အရာရှိတွေပါ ပါဝင်ပတ်သက်နေတာမို့ ထောင်ပိုင်တွေကလည်း မသိကျိုးကျွံပြုထားပုံပါပဲ။ ဒါမှမဟုတ် အကျိုးအမြတ်ကို ခွဲဝေခံစားနေကြတာလည်း ဖြစ်နိုင်ပါတယ်။

နှစ်လုံးထီဟာ တစ်ရက်မှာ နှစ်ကြိမ်ရှိတာမို့ ငွေကုန်ကြေးကျ ပိုများပါတယ်။ ဒိုင်ရဲ့ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်တဲ့ အကျဉ်းသားတစ်ယောက်ဟာ နေ့စဉ်ပဲ အလုပ်များနေတတ်ပါတယ်။ သူရှိတဲ့အခန်းမှာ လောင်းကစားသမားတွေက တရုံးရုံးနဲ့ပါပဲ။ ထိုးတဲ့အကျဉ်းသားတွေဆိုတာကလည်း ဗလာစာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်းနဲ့ ကိုယ်စီကိုယ်စီ ဂဏန်းတွက်လို့နေကြပါတယ်။ တချို့ဆိုရင် အချိန်ရှိသရွေ့ နှစ်လုံးဂဏန်းပဲ တွက်နေကြပါတယ်။ ညဉ့်နက်တဲ့အထိ မအိပ်နိုင်ကြပါဘူး။ ထောင်မှာ ည ၉ နာရီဆိုရင် အိပ်ချိန်ဖြစ်ပေမဲ့ ဝန်ထမ်းတွေ လာစစ်တဲ့အခါမှာသာ အိပ်ချင်ယောင် ဆောင်နေလိုက်ကြပြီး ဝန်ထမ်းတွေ ပြန်သွားတဲ့အခါ အိပ်ရာထဲမှာ ဝမ်းလျားမှောက်ပြီး ဂဏန်းတွက်နေကြတော့တာပါပဲ။

ထောင်ပိုင်တွေ၊ ထောင်မှူးတွေကအစ ထောင်ဝန်ထမ်းပေါက်စတွေအဆုံး နှစ်လုံးထိုးကြတာမို့ ဂဏန်းတွက်တတ်တဲ့အကျဉ်းသားဟာ ထောင်ထဲမှာ မျက်နှာရပါတယ်။ ဘယ်သူမှတော့လည်း အခါခပ်သိမ်း မှန်မနေပါဘူး။

လောင်းကစားတို့ရဲ့ ထုံးစံအတိုင်း ကစားသူတွေဟာ အမြဲလိုလို ရှုံးနေကြပါတယ်။ ရှုံးသမျှပိုက်ဆံအတွက် အပြင်ကမိသားစုတွေက ပုံမှန် ပို့ပေးရုံပါပဲ။ ဘယ်သူကမှတော့ ထောင်ထဲမှာ လောင်းကစားရှုံးလို့ဆိုပြီး မပြောကြပါဘူး။ ပြောခွင့်လည်း မရှိပါဘူး။ ဝန်ထမ်းတွေရဲ့ ဖုန်းနဲ့ပဲ ဆက်သွယ်ကြရတာမဟုတ်လား။ ဒီလိုပဲ အကြောင်းအမျိုးမျိုးပြပြီး ပိုက်ဆံလွှဲခိုင်းကြတာပါပဲ။

နိုင်ငံရေး၊ စီးပွားရေး မကောင်းတဲ့ခေတ်ကာလထဲမှာ အိမ်ကမိသားစုတွေအနေနဲ့ ဘယ်လိုရှိကြမှာပါလိမ့်။ ထောင်ကျသွားတဲ့ လင်ယောက်ျားတွေ၊ သားတွေ၊ မောင်တွေကို ထောင်ထဲမှာ အဆင်ပြေပြေ နေထိုင်နိုင်ကြဖို့ မိသားစုတွေအနေနဲ့ လိုလားကြမှာ အမှန်ပါပဲ။ ဒီတော့လည်း အကြောင်းအမျိုးမျိုးပြပြီး ပိုက်ဆံမှာနေတာကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးကြမှာပါပဲ။

လောင်းကစားတာ ကြာရှည်လာတဲ့အခါ အကြွေးစနစ်နဲ့ လက်ခံပေးတာကလည်း လောင်းကစားလောကရဲ့ နောက်ထပ်ထုံးစံတစ်ခုပါပဲ။ လှေမျော လှေနဲ့ လိုက်၊ ငွေမျော ငွေနဲ့ လိုက်ဆိုတာ သူတို့ရဲ့ လက်သုံးစကား ဖြစ်လေရဲ့။ အကြွေး ကျေနိုးနဲ့ ကစားတဲ့ပမာဏလည်း ပိုပြီးကြီးလာကြပါတယ်။ တချို့ဆို အကြွေးတွေ တစ်ရစ်ပြီး တစ်ရစ် တက်လာလိုက်တာ ဆယ်သိန်း၊ ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ်တွေအထိ ဖြစ်လာပါတော့တယ်။ အဲဒီလူတွေကို ဘေးကန ကြည့်ရင်း စိတ်ပူနေမိပါတယ်။

ဘယ်လိုဘယ်ပုံ ပြန်ဆပ်ကြမယ်ဆိုတာကိုတောင် တွေးကြည့်လို့ မရနိုင်အောင်ပါပဲ။ လောင်းကစားသူအများစုဟာ ဆေးမှုတွေ၊ ဒါမှမဟုတ်ရင် နှစ်များတဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။

ထောင်ထဲမှာ အကျဉ်းသားတစ်ယောက် သင့်တင့်မျှတစွာ နေထိုင်စားသောက်နိုင်ဖို့ဆို တစ်လကို တစ်သိန်းဝန်းကျင်လောက်ဆို ရပါတယ်။ ထောင်ဟင်း၊ ထောင်ထမင်း မစားနိုင်လို့ အပြင်ဆိုင်ကနေ လပေးမှာစားရင်တောင် အဲဒီလောက်ပဲ ကုန်တာပါ။ ဒါပေမဲ့ သူတို့ထောင်မှာ အဲဒီလို သုံးစွဲနိုင်တဲ့သူက လက်ချိုးရေလို့ ရပါတယ်။

လောင်းကစားလုပ်သူတွေကတော့ အိမ်ကနေ ပို့သမျှပိုက်ဆံဟာ သူတို့ စားဖို့၊ သောက်ဖို့အတွက် ဖြစ်မလာဘဲ တင်နေတဲ့ အကြွေးတွေဆပ်ဖို့ပဲ ဖြစ်နေပါတော့တယ်။

ဒါပေမဲ့ တစ်ရက်တည်းမှာပဲ နှစ်လုံးထီကို သိန်းဂဏန်းဝန်းကျင်အထိ ထိုးနေတဲ့သူတွေလည်း ရှိနေပါတယ်။ ပိုက်ဆံချမ်းသာကြလို့တော့ မဟုတ်ကြပါဘူး။ အကြွေးကျေသော် ကျေငြားနဲ့ပါပဲ။ ကြွေတစ်လှည့် ကြက်တစ်ခုန်ဆိုသလိုပါပဲ။ တစ်ခါတရံမှာ အချီကြီးပေါက်လို့ ကြွေးတွေ တစ်ခါတည်းကျေသွားတဲ့အဖြစ်မျိုးတွေလည်း ရှိကြပြန်ပါတယ်။ နှဲသမား ပါးစပ်ဆိုလို ပိန်လိုက်၊ ဖောင်းလိုက်နဲ့ပါပဲ။ ဒီလိုနဲ့ပဲ သံသရာလည်နေတော့ပါတယ်။

ချဲလို့ခေါ်တဲ့ သုံးလုံးကတော့ တစ်လမှ နှစ်ကြိမ်မို့ နှစ်လုံးထီနဲ့စာရင် အရှုံးနည်းပါတယ်။ ဘောလုံးပွဲတွေကတော့ နေ့တိုင်းလိုလို ရှိနေတာပါပဲ။ ဘောလုံးသတင်းတွေကို သိကြရတာလည်းမဟုတ်၊ ဘောလုံးပွဲလည်း ကြည့်ကြရတာမဟုတ်ပါဘဲ ဘောလုံးပွဲကို ခုံခုံမင်မင် လောင်းနေကြတာပါပဲ။ ည အိပ်ရာဝင်ချိန်မှာ ကိုယ်လောင်းထားတဲ့ ပွဲစဉ်တွေ၊ အသင်းတွေအကြောင်း လျှောက်တွေးတောနေမိတဲ့အခါ အိမ်ကိုလွမ်းတဲ့စိတ်တွေ သက်သာစေသလားတော့ မပြောတတ်ပါဘူး။ တချို့ကလည်း အဲဒီလိုမျိုး မွန်းကျပ်တဲ့ဝေဒနာကို ဖြေဖျောက်လိုတဲ့စိတ်နဲ့ အပျော်တမ်း လောင်းကြတတ်ကြပါတယ်။ ပမာဏ အများကြီးမဟုတ်ပါဘူး။ ငါး၊ တစ်ထောင်လောက်ပေါ့။

ထောင်ထဲမှာ နောက်ထပ်လောင်းကစားနည်းတစ်ခုကတော့ ချက်သီးနှိုက်ကြတာပါပဲ။ ဒါကတော့ အကျဉ်းသားတွေအချင်းချင်း အခန်းထဲမှာ ခိုးပြီး ဆော့ကြတာပါ။ သုညကနေ ကိုးအထိ ရေးမှတ်ထားတဲ့ အလုံးလေးတွေ ၁၀ လုံး ရှိပါတယ်။ အဲဒါတွေကို ဘူးထဲမှာထည့်ပြီး ကစားသူငါးယောက်က တစ်ယောက်ကို နှစ်လုံးစီ နှိုက်ယူကြရတာပါ။ လောင်းကြေးကတော့ ပိုက်ဆံအစား ကော်ဖီထုပ်ပါပဲ။

ကစားချိန်ကြာလာတာနဲ့အမျှ ကစားကြေးကလည်း မြင့်လာတာမို့ တစ်ကြိမ်ဆော့ရင် ကော်ဖီထုပ် ရာနဲ့ချီပြီး ရှိတတ်ပါတယ်။ ဒီတော့လည်း ရှုံးတဲ့သူတွေအတွက်တော့ မသာယာနိုင်ပါဘူး။ အကျဉ်းသားတွေဆိုတာကလည်း စရိုက်မျိုးစုံဆိုတော့ ရန်ဖြစ်ကြတာတွေလည်း ရှိ၊ အရှုံးကြီးသွားတဲ့အခါ သူများပစ္စည်းတွေကို ခိုးကြတာတွေလည်း ရှိကြတာပါပဲ။

လောင်းကစားဆိုတာက စွဲလမ်းတတ်၊ နစ်မွန်းတတ်တဲ့သဘာဝရှိပါတယ်။ တချို့အကျဉ်းသားတွေဟာ နေ့စဉ် အဲဒီကိစ္စတွေထဲမှာပဲ လုံးပမ်းနေကြရင်း သူတို့ကိုယ်သူတို့ ထောင်ကျနေတာကိုတောင် မေ့လျော့နေကြပုံပါပဲ။

ရင့်ပြည့်

The Tanintharyi Times