စစ်အုပ်စု နဲ့ ပူးပေါင်းလုပ်ဆောင်မယ့် ထိုင်းအစိုးရ ရဲ့ စစ်ဘေးရှောင် ဒုက္ခသည် အကူအညီပေးရေးစီစဉ်

စစ်အုပ်စု နဲ့ ပူးပေါင်းလုပ်ဆောင်မယ့် ထိုင်းအစိုးရ ရဲ့ စစ်ဘေးရှောင် ဒုက္ခသည် အကူအညီပေးရေးစီစဉ်

Photo- စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး နဲ့ ထိုင်း နိုင်ငံခြားရေး ဘေဂျင်းမှာ တွေ့ဆုံစဉ်

ထိုင်းအစိုးရ က မြန်မာ စစ်ဘေးရှောင် ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးဖို့ နဲ့ ထိုင်း – မြန်မာ နယ်စပ်မှာ ဒုက္ခသည် တွေလက်ခံထားဖို့ အစီစဉ် သစ်တစ်ရပ် ကို ဒီကနေ့ထုတ်ပြန်လိုက်ကြောင်း ဘန်ကောက်အခြေစိုက် သတင်းမီဒီယာတွေ နဲ့ နိုင်ငံတကာ သတင်းဌာနတွေမှာဖော်ပြထားပါတယ်။

ဒီအစီစဉ်မှာ တော့ စစ်ဘေးကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာသူတွေကို အကူအညီပေးနိုင်ဖို့ လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းထူထောင်သွားမှာဖြစ်ပြီး အခြားအကူအညီပေးရေး အေဂျင်စီတွေ ပါဝင်လာအောင် တိုးချဲ့သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ဒီကနေ့မှာပဲ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီအစီစဉ် ကို ထိုင်းအစိုးရ ဟာ မြန်မာ စစ်အုပ်စု နဲ့ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီ ပေးရေး လုပ်ငန်း အဖွဲ့ ကို စစ်ကောင်စီ နဲ့ ပူးပေါင်း ဖွဲ့စည်းသွား ဖို့ ပြင်ဆင်နေတာပါ ။

“ ဒီကိစ္စ တွေကို အသေးစိတ် ဆွေးနွေးဖို့ မြန်မာဘက်က (စစ်ကောင်စီကိုရည်ညွန်းခြင်းဖြစ်) လည်းထိုင်းကို လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားဖို့ ရှိပါတယ်” ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦး ရဲ့ ပြောကြားချက်ကိုကားပြီး ရိုက်တာ သတင်းဌာန က ဖော်ပြထားပါတယ်။

“ ကနဦးအဆင့် အကောင်အထည်ဖော်မှု အောင်မြင်ပါက၊ အခြားသော အကူအညီပေးရေး အေဂျင်စီများကို ဖိတ်ခေါ်သွားမှာဖြစ်တယ်” လို့ အဆိပါ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ က ဆက်လက်ပြောကြားခဲပါတယ်။

ထိုင်းအစိုးရ နဲ့ မြန်မာ အကြမ်းဖက်စစ်အုပ်စု ပူးပေါင်း လုပ်ကိုင်မယ့် စစ်ရှောင် ဒုက္ခသည် အကူအညီပေးရေး အစီစဉ် ကို တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟင်ဒါ နူခရာတို့ သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟင်ဒါ နူခရာတို့ဟာ ဘေဂျင်းမှာ သီးခြားတွေ့ ဆုံခဲ့ကြပြီး စစ်ဘေးဒုက္ခသည် အကူအညီပေးရေး လုပ်ငန်းအဖွဲ့ဆိုင်ရာ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။

မြန်မာနိုင်ငံ မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပါက စစ်ဘေးရှောင် ဒုက္ခသည်တွေကို လက်ခံပေးဖို့ အဆင့်သင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟင်ဒါ နုကာရာ က ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ဖော်ပြောကြားပြီးနောက် ဒီအစီစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ထိုင်း အစိုးရ က မြန်မာနိုင်ငံက စစ်ရှောင် ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ရွေးချယ်လိုက်တဲ့ မြန်မာစစ်ကောင်စီဟာ လက်ရှိမှာ အရပ်သား ကလေးငယ် နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါမကျန်သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ထိုင်းအစိုးရ တာဝန်ရှိသူတွေ ဘက်က မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လက်ခံပေးဖို့ အသင့် ရှိနေတယ်လို့ ပြောဆိုနေလည်း ထိုင်းနိုင်ငံ မဲဟောင်ဆောင် ခရိုင်ကိုထွက်ပြေတိမ်းရှောင် လာတဲ့ ကရင်နီ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေ ဖိအားပေး နှင်လွှတ်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch-HRW) ကပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကရင်နီပြည်သူတွေကို နေရပ်ပြန်ခိုင်းတာဟာ လူ့အသက်ပေါင်းများစွာ သေစေနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ HRW က နိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန် သတိပေးလိုက်ပါတယ်။

connect burma

The Tanintharyi Times