အမေရိကန်က မြန်မာကို သံတမန်အဆင့် လျှော့ချမယ်
အမေရိကန်က မြန်မာကို သံတမန်အဆင့် လျှော့ချမယ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့် ဆက်ထားခဲ့တဲ့ အမေရိကန်ဟာ လာမယ့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချပြီး ဆက်ဆံသွားဖို့ ရှိနေပါတယ်။
လက်ရှိ အမေရိကန် သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါဟာ စစ်အာဏာမသိမ်းခင် ရက်ပိုင်းအလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီအတွင်းမှာ သမ္မတ ဦးဝင်းမြင့်ထံ သံအမတ် ခန့်အပ်လွှာပေးအပ်ပြီး သံအမတ်ကြီး တာဝန် ထမ်းဆောင်နေတာပါ။
ဒါပေမယ့် သံအမတ်ကြီး ဗိုက်ဒါဟာ ဒီဇင်ဘာ လကုန်ပိုင်းမှာ ပြည်တော်ပြန်ရတော့မှာ ဖြစ်ပြီး သူ့နေရာကို ဆက်ခံဖို့ သံအမတ်ကြီး အဆင့် စေလွှတ်မှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အဲဒီအစား လက်ရှိ ရန်ကုန်က အမေရိကန်သံရုံးမှာ သံရုံး ဒုတိယအကြီးအကဲ တာဝန်ယူနေတဲ့ မစ္စ ဒီဘိုးရာ လင်း ကို သံရုံးယာယီတာဝန်ခံ အဖြစ်နဲ့ ထားရှိပြီး မြန်မာနဲ့ သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ရှင်းပြပါတယ်။
ဒါဟာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရက အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အသိအမှတ် မပြုကြောင်း ပြသမှုလည်း ဖြစ်ပါတယ်။
အကယ်၍ နောက်ထပ် သံအမတ်ကြီးအသစ် စေလွှတ်ခန့်အပ်မယ်ဆိုရင် သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီ ဥက္ကဋ္ဌထံ ပေးအပ်ရဖို့ ရှိနေပြီး အဲဒီလိုသာ ပေးအပ်မယ်ဆိုရင် သွယ်ဝိုက် အသိအမှတ်ပြုရာ ရောက်မှာကို အမေရိကန် အပါအဝင် အနောက်နိုင်ငံ အများအပြားက စိုးရိမ်ကြပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း အမေရိကန်က သံတမန်ဆက်ဆံရေး အဆင့်လျှော့ချခဲ့ဖူးပြီး သံရုံး ယာယီတာဝန်ခံ အဆင့်နဲ့သာ နှစ်ပေါင်း ၂၀ ကျော်လောက် ဆက်ဆံခဲ့တာပါ။
၂၀၁၀ မှာ အဲဒီတုန်းက စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပြီး ၂၀၀၈ အခြေခံဥပဒေနဲ့ ပြုပြင်ပြောင်းလဲရေး စခဲ့တဲ့နောက် ၂၀၁၁ နှောင်းပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာရောက်ခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၆၀ နီးပါးအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးရဲ့ ပထမဆုံး မြန်မာခရီးစဉ် ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို နှစ်ကြိမ်တိုင် ရောက်လာခဲ့သလို အမေရိကန် အစိုးရကလည်း ၂၀၁၂ ခုနှစ်ကစလို သံရုံး ယာယီတာဝန်ခံ ဒဲရစ်မစ်ချယ်ကို သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး သံတမန်ဆက်ဆံရေး ပြန်လည် အဆင့်မြှင့်တင်ခဲ့ပါတယ်။
ဒဲရစ်မစ်ချယ်ဟာ လေးနှစ်ခန့် သံအမတ်ကြီးတာဝန် ထမ်းဆောင်ခဲ့သလို သူ့နောက်မှာ ရောက်လာတဲ့ စကော့ မာစီရယ်ဟာလည်း အလားတူ လေးနှစ်ခန့် တာဝန်ယူခဲ့ပါတယ်။ ဒါပေမယ့် အခု သောမတ်စ် ဗိုက်ဒါ အလှည့်မှာတော့ ၂ နှစ် မပြည့်ခင် ပြည်တော်ပြန်ရဖို့ ဖြစ်လာခဲ့တာပါ။
စစ်အာဏာသိမ်းပြီးနောက်မှာ အနောက်နိုင်ငံ အတော်များများက မြန်မာနဲ့ သံတမန်ဆက်ဆံရေး အဆင့် လျှော့ချမှုတွေ ရှိခဲ့ပြီး ထင်ရှားတဲ့ ဖြစ်စဉ်ကတော့ ဗြိတိန်အစိုးရက သံအမတ်ကြီးတစ်ဦး ခန့်အပ် စေလွှတ်ပြီးမှ စစ်ကောင်စီကို သံအမတ် ခန့်အပ်လွှာ မပေးလိုတဲ့အတွက် သံရုံး ယာယီတာဝန်ခံအဖြစ် ပြောင်းလဲခဲ့မှုဖြစ်ပြီး အဲဒီအတွက် စစ်ကောင်စီနဲ့ ဗြိတိန်တို့အကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီက နိုင်ငံ့အာဏာကို သိမ်းယူပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံအချို့က သံအမတ်အသစ်တွေ စေလွှတ် ခန့်အပ်တာတွေလည်း ရှိခဲ့ပြီး အိန္ဒိယ၊ သီရိလင်္ကာ၊ ဆောဒီအာရေဗျ၊ ဘယ်လာရုစ်နဲ့ အခု နောက်ဆုံး ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။
ကိုးကား – နီကေးအေးရှား
The Tanintharyi Times