စစ်တပ်ရဲ့ လေယာဉ်အဝယ်တော်ကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့အရေးယူ

စစ်တပ်ရဲ့ လေယာဉ်အဝယ်တော်ကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့အရေးယူ

ပုံ - Justice for Myanmar က ဖော်ပြခဲ့တဲ့ Sky Aviator ကုမ္ပဏီရဲ့ စစ်တပ်လေကြောင်းအတွက် ဝယ်ယူရေးဆောင်ရွက်ခဲ့တဲ့ အထောက်အထားစာရွက်တွေ

စစ်ကောင်စီရဲ့ စစ်လေယာဉ်အဝယ်တော်ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ မနေ့က ချမှတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကာကွယ်ရေးကဏ္ဍအတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ Sky Aviator Company Limited နဲ့ ကုပ္မဏီရဲ့ ပိုင်ရှင်၊ ဒါရိုက်တာလည်းဖြစ်တဲ့ ဦးကျော်မင်းဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံအတွင်း အခြေအနေနှင့် စပ်လျဉ်း၍ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဦးကျော်မင်းဦးရဲ့ ဦးစီးမှုအောက်မှာ Sky Aviator က မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းတွေကို တင်သွင်းပေးနေတဲ့ အဓိက အဝယ်တော်လုပ်ငန်းတစ်ခု ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းမှာ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေထံကနေ လက်နက်ကုန်စည်တွေကို Sky Aviator ကုမ္ပဏီက တစ်ကြိမ်မက လက်ခံရယူခဲ့ပြီး နိုင်ငံခြားက စစ်အရာရှိတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့၊ စစ်လက်နက်ပစ္စည်းတွေ မြန်မာနိုင်ငံကို တင်သွင်းဖို့နဲ့ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်တွေ အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ပံ့ပိုးမှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကနေ အမြတ်အစွန်းတွေ ရခဲ့တယ်လို့ Sky Aviator ကုမ္ပဏီနဲ့ ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာနက ဘဏ္ဍာရေးအရာရှိ ဘရိုင်ယန်နယ်လ်ဆင်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ဆင့်ကာဆင့်ကာပြုလုပ်တာနဲ့အရပ်သားပြည်သူတွေကို သတ်ဖြတ်တာကို ပံ့ပိုးပေးတဲ့ သူတွေအပေါ် အမေရိကန်ပြည်ထောင်စုက ထပ်တိုးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သတိပေးထားပါတယ်။

အာဏာရှင်အဖွဲ့အစည်းကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် က ပြောပါတယ်။

မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်မှုတွေကို ကျူးလွန်ရာမှာ ၄င်းတို့ အသုံးပြုတဲ့ ဝင်ငွေရလမ်းနဲ့ အရင်းအမြစ်တွေ ဖြတ်တောက်ခြင်းကို ဆောင်ရွက်ရာမှာ အမေရိကန်ပြည်ထောင်စုက မိတ်ဘက်တွေနဲ့ အတူ ဆက်လက် လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

The Tanintharyi Times