ထားဝယ်က PDF တစ်ဦးရဲ့ဖခင်အသတ်ခံရ၊ မိခင်အသတ်ခံရပြီး ၆လခန့်အကြာမှာ ဖခင်အသတ်ခံရခြင်းဖြစ်

ထားဝယ်က PDF တစ်ဦးရဲ့ဖခင်အသတ်ခံရ၊ မိခင်အသတ်ခံရပြီး ၆လခန့်အကြာမှာ ဖခင်အသတ်ခံရခြင်းဖြစ်

ပုံစာ _ စစ်ကောင်စီက ကိုအောင်ခိုင်ရဲ့ မိဘတွေကို သတ်ဖြတ်သွားခဲ့ပါတယ်။

ထားဝယ်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်သား ကိုအောင်ခိုင်ရဲ့ မိခင်ပစ်သတ်ခံရပြီး ၆လအကြာမှာ ရောဂါသည်ဖခင်ကိုပါ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်လိုက်ကြ ပါတယ်။

ကိုအောင်ခိုင်ရဲ့ဖခင်ဖြစ်သူ အသက် ၆၀ကျော်အရွယ် ဦးကြည်လွင်ရဲ့အလောင်းကို ဒီနေ့မနက်စောစောမှာ ထားဝယ်မြို့၊ လမ်းမသစ်မှာ လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

” လက်ပြန်ကြိုးချည်ထားတယ်။ မျက်လုံးကိုပိတ်ထားတယ်။ ဘယ်လိုပုံစံသတ်တယ်ဆိုတာကိုတော့မသိသေးဘူး။ အရမ်းကို ဆိုးရွားရက်စက်လွန်းပါတယ်ဗျာ။သူ့မိန်းမအသတ်ခံရတာမှ တနှစ်မပြည့်သေးဘူး။ သူကလည်းရောဂါသည်ပါ။ အလုပ်လည်းမလုပ်နိုင်ပါဘူး။ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူး” လို့ထားဝယ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့က ည ၁၀ နာရီခွဲ ၁၁ နာရီလောက်မှာ စစ်ကား၊ ရဲကားတွေ ထားဝယ်မြို့ ကြက်စားပြင်ရွာထဲကို ဝင်ရောက်လာပြီး သိပ်မကြာခင်မှာ ကိုအောင်ခိုင်ရဲ့အဖေနဲ့ နောက်ထပ်အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

ကိုအောင်ခိုင်ရဲ့အမေဖြစ်သူ၊ အသတ်ခံရသူရဲ့ ဇနီး အသက်၆၀အရွယ်ရှိတဲ့ ဒေါ်ညွန့်လှိုင်ကို အခုနှစ် မေလ ၂၄ရက်က ထားဝယ်ကမ်းနားစျေးမှာ ဒူးရင်းသီး ရောင်းနေတဲ့အချိန် အမည်မသိအဖွဲ့က သေနတ်နဲ့အသေပစ်သတ်ခဲ့ပါတယ်။

ကမ်းနားစျေးမှာ ပစ်ခတ်သတ်ဖြတ်မှုဟာလည်း စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုခဲ့ပါတယ်။

ကိုအောင်ခိုင်ကတော့ သူရဲ့မိခင်ကိုစစ်ကောင်စီတပ်သားတွေပစ်သတ်သွားခဲ့ပြီဖြစ်ကြောင်း အခုလည်း သူနဲ့မဆိုင်တဲ့သူတွေကိုလိုက်လံရှာဖွေတာ၊ ဒုက္ခပေးတာတွေလုပ်နေကြောင်း ကြားသိရတာကြောင့် အဲလိုတွေမလုပ်ဘဲ သူ့ကိုလိုချင်ရင် သူ့ဆီကိုပဲလာဖို့ မြို့နယ်လိပ်စာနဲ့တကွ အခုရက်ပိုင်းမှာပဲ လူမှုကွန်ရက်မှာ ရုပ်သံနဲ့ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ကိုအောင်ခိုင်ရဲ့ဖခင်အလောင်းကို လူမှုကူညီရေးအသင်းတွေက သယ်ယူသွားတယ်လို့သိရပြီး သူနဲ့အတူဖမ်းဆီးခံရတဲ့နောက်အမျိုးသားရဲ့အခြေအနေကိုတော့ ရွာခံတွေကစိုးရိမ်နေကြပါတယ်။

The Tanintharyi Times