ကော့သောင်း အေးချမ်းသာရွာခံသုံးဦး ထိုင်းနယ်စပ် လှေဆိပ်မှာအဖမ်းခံရ
ကော့သောင်း အေးချမ်းသာရွာခံသုံးဦး ထိုင်းနယ်စပ် လှေဆိပ်မှာအဖမ်းခံရ

ပါချန်မြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်ဖို့ကြိုးစားခဲ့တဲ့ ကော့သောင်းမြို့နယ်၊ အေးချမ်းသာရွာသား တွေအဖမ်းခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အေးချမ်းသာရွာခံ အသက် ၂၈ နှစ် ဝန်းကျင်အရွယ်အမျိုးသားသုံးဦးဟာ အခုလ ၈ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံက လှေဆိပ်တစ်ခုမှာ အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလှေဆိပ်ဟာ အေးချမ်းသာရွာလှေဆိပ်နဲ့ တမိုင်လောက်ပဲဝေးပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတာပါ။
အဖမ်းခံရတဲ့ လူငယ်အမျိုးသားသုံးဦးဟာ ကျပန်းအလုပ်လုပ်သူတွေဖြစ်ပြီး နယ်စပ်ဖြတ်ကျော်စဉ် ထိုင်းရဲတွေက ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ကဆို အထောက်အထားကြောင့်ဖမ်းတာပဲရှိတယ်။ အခုနောက်ပိုင်းကတော့ သူတို့နဲ့ အကြောင်းရှိလို့ဖမ်းတာလည်းရှိတယ်။ တခြားအချိတ်အဆက်ကြောင့် ဖမ်းတာတွေလည်းရှိနိုင်တယ်။” လို့ အေးချမ်းသာရွာခံအမျိုးသားတစ်ဦးက ပြောပေါတယ်။
အဲဒီအမျိုးသားသုံးဦးကို ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ မသိရပေမယ့် လက်ရှိမှာတော့ ပါချန်ရဲစခန်းမှာ ဆက်ပြီးအဖမ်းခံထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပါကျန်မြစ်ကြောင်းတလျှောက်မှာ ထိုင်းရဲတွေ အစစ်အဆေးတင်းကြပ်နေတာ သုံးရက်ရှိပြီလို့ ဆိုပါတယ်။ စစ်ဆေးတဲ့အခါ သုံးဖွဲ့လောက်ခွဲထားပြီး တစ်ဖွဲ့မှာ ရဲတပ်ဖွဲ့ဝင်သုံးယောက်ကနေ ငါးယောက်အထိပါတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလလယ်လောက်ကတော့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေ မြန်မာနိုင်ငံထဲ တရားမဝင်တင်သွင်းမယ့် ဆိုင်ကယ်တွေကို ထိုင်းရဲတပ်ဖွဲ့တွေက ပါချန်မြစ်ကမ်းတလျှောက်မှာ ဖမ်းဆီးခဲ့ပါသေးတယ်။
တရားမဝင်ဆိုင်ကယ်တင်သွင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး အစစ်အဆေးတင်းကြပ်နေတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။
The Tanintharyi Times