ရန်ကုန်-ကော့သောင်းကားခထက် လမ်းမှာပေးရတဲ့ဂိတ်ကြေးက နှစ်ဆကျော်ပိုများနေ၊ ငွေမပေးနိုင်တဲ့သူတွေအဖမ်းခံရ
ရန်ကုန်-ကော့သောင်းကားခထက် လမ်းမှာပေးရတဲ့ဂိတ်ကြေးက နှစ်ဆကျော်ပိုများနေ၊ ငွေမပေးနိုင်တဲ့သူတွေအဖမ်းခံရ

ရန်ကုန်ကနေ ကော့သောင်းကို ကားလမ်းကနေခရီးသွားမယ်ဆိုရင် လမ်းတစ်လျှောက်က စစ်ကောင်စီဂိတ်တွေကို ပေးရတဲ့ငွေက ကားခထက် နှစ်ဆကျော် ပိုများနေတယ်လို့ ခရီးသည်တွေကပြောပါတယ်။
ရန်ကုန်-ကော့သောင်း ခရီးစဥ်အတွက် Express ခရီးသည်တင်ကားလက်မှတ်တစ်စောင်ကို ရှစ်သောင်းခွဲကျပ်ကျသင့်တယ်လို့သိရပါတယ်။
လမ်းမှာ ပိုက်ဆံတောင်းတဲ့ စစ်ကောင်စီဂိတ် ၁၆ ဂိတ်ထက်မနည်းရှိနေပြီး ခရီးသည်တစ်ယောက်အတွက် စုစုပေါင်း ၁၇၅၀၀၀ ကျပ်ပေးခဲ့ရတယ်လို့ ခရီးသည်တွေကဆိုပါတယ်။
သံဖြူဇရပ်မြို့မှာ တစ်ဂိတ်ကို ကျပ်တစ်သောင်းနှုန်းတောင်းတဲ့ ဂိတ် ၂ ဂိတ်၊ မော်လမြိုင်မြို့မှာ တစ်ဂိတ်ကိုငါးထောင်နှုန်းတောင်းတဲ့ ဂိတ် ၃ ဂိတ်၊ မလွှဲတောင်ဂိတ်မှာ ကျပ် ၃၀,၀၀၀၊ ထားဝယ်မှာ တစ်ဂိတ်ကို တစ်သောင်းနှုန်းတောင်းတဲ့ ဂိတ် ၃ ဂိတ်၊ မြိတ်ကျွဲကူးတံတားဂိတ်မှာ ကျပ် ၂၀,၀၀၀၊ တနင်္သာရီတံတားဂိတ်မှာ ကျပ် ၁၅,၀၀၀၊ ဘုတ်ပြင်းမှာ တစ်ဂိတ်ကိုတစ်သောင်းနှုန်းနဲ့ ဂိတ် ၃ ဂိတ်၊ ခမောက်ကြီးမြို့ မှာ တစ်ဂိတ်ကိုခုနှစ်ထောင့်ငါးရာနှုန်းတောင်းတဲ့ ဂိတ် ၂ ဂိတ်ရှိတယ် လို့ ခရီးသည်တွေဆီက သိရပါတယ်။
“ကားအောက်ကိုဆင်းခိုင်းပြီးမှစစ်တယ်၊ ပြီးမှပိုက်ဆံတောင်းတာ ဘာကြောင့်တောင်းတယ်ဆိုတာလည်းအတိအကျမပြောဘူး။ ထားဝယ်အဝေးပြေးနားကဂိတ်(အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်)မှာတော့ ကားပေါ်မှာတက်လာတောင်းတယ်။” လို့ ပြီးခဲ့တဲ့တစ်ပတ်အတွင်းခရီးသွားခဲ့တဲ့ခရီးသည်အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကားပေါ်ပါလာတဲ့အဝတ်အိတ်တွေကို ဓားနဲ့ထိုးခွဲပြီး စစ်ဆေးသလို ပုဇွန်ခြောက်ကြော်နဲ့စားစရာဘူးတွေဆိုရင် စစ်ဆေးတဲ့နေရာမှာတင် ယူစားခဲ့ကြတယ်လို့ အဲဒီအမျိုးသားကဆိုပါတယ်။
အခုလ ၂ ရက်က သံဖြူဇရပ်မှာ စစ်ဆေးရေးဂိတ်ကတောင်းတဲ့ငွေပမာဏအတိုင်းမပေးတဲ့ ခရီးသည် ၃ ဦးကို ကားပေါ်တက်ခွင့်မပေးတော့ဘဲ ဖမ်းဆီးခဲ့ပြီး ငွေကျပ် ၅ သိန်းနဲ့လာရွေးဖို့ မိသားစုကိုအကြောင်းကြားခဲ့တယ်လို့ ခရီးသည်တွေဆီကသိရပါတယ်။
လွန်ခဲ့တဲ့ ၂ လကလည်း ပုလောဒေသခံတစ်ဦးကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထောက်ခံစာမပါလို့ မလွှဲတောင်စစ်ဆေးရေးဂိတ်က ကျပ်နှစ်သောင်းတောင်းခဲ့သလို မှတ်ပုံတင်မပါလို့ဆိုပြီး ငွေကျပ် ငါးသောင်းတောင်းခံရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။
ပိုက်ဆံပေးခဲ့ရတဲ့ပလမြို့ခံအမျိုးသားတစ်ဦးက “မပေးရင် ကျနော်တို့ကိုဖမ်းသွားရင် ဘယ်လိုလုပ်မလဲ။ အဖမ်းတော့မခံချင်ဘူးဗျာ။သူတို့ကလည်း ဒီလိုအကွက်တွေကိုသိလို့လုပ်စားနေတာ အောက်တန်းစားတွေ။” လို့ ပြောပါတယ်။
နယ်ကျော်ခရီးသွားရင် စထွက်လာတဲ့နေရာရဲ့ အုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့ ဘယ်နေရာကို ဘာကိစ္စနဲ့ သွားယ်ဆိုတဲ့အချက်တွေရေးထားတဲ့ထောက်ခံစာလိုအပ်ပြီး အဲဒီထောက်ခံစာမပါရင်ကားပေါ်ကဆွဲချခံရတာတွေ၊ ငွေပမာဏအဆမတန်တောင်းတာတွေလုပ်ဆောင်လေ့ရှိတယ်လို့ ခရီးသည်တွေဆီကနေသိရပါတယ်။
“ဒီလိုလူ့အခွင့်အရေးပေါ်တင်ချိုးဖောက်ခံနေရတယ်ဆိုတာဒါပဲ။ ဒီလောက်ဖြစ်နေတာလူ့အခွင့်အရေးဆိုတာဘာမှကိုမရှိတော့ဘူး” လို့ ကော့သောင်းမြို့ခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
စစ်အာဏာမသိမ်းခင်က ရန်ကုန်-ကော့သောင်းခရီးကို တစ်ရက်နဲ့ ရောက်ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ညမထွက်ရအမိန့်တွေကြောင့် လေးရက်ကြာသွားလာနေရပြီး တည်းခို၊ စားသောက်စားရိတ်တွေကြောင့် ခရီးစဥ်တစ်ခုကို ငွေကျပ်အနည်းဆုံးသုံးသိန်းခွဲ ကုန်ကျနေတယ်လို့ သိရပါတယ်။
ရန်ကုန်-ကော့သောင်းခရီးစဥ်အတွက် လေယာဥ်လက်မှတ်တစ်စောင်ကို ကျပ်နှစ်သိန်းခြောက်သောင်းဝန်းကျင်ကျသင့်ပါတယ်။
တနင်္သာရီတိုင်းအဝင် မလွှဲတောင်ဂိတ်ကနေကော့သောင်းမြို့အထိ ကားလမ်းမကြီးတလျှောက် ငွေတောင်းတဲ့ဂိတ်အပါအဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ပေါင်း သုံးဆယ်နီးပါးရှိပါတယ်။
The Tanintharyi Times