ရန်ကုန် – မော်လမြိုင် ရထားလမ်းရေကျော်လို့ အမြန်ရထားလေးစီး ကြားဘူးတာမှာ ယာယီရပ်တန့်ခဲ့ရ
ရန်ကုန် – မော်လမြိုင် ရထားလမ်းရေကျော်လို့ အမြန်ရထားလေးစီး ကြားဘူးတာမှာ ယာယီရပ်တန့်ခဲ့ရ
မွန်ပြည်နယ်မှာ ဒီကနေ့မနက်က မိုးသည်းထန်ပြီး တောင်ကျရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းလာတာကြောင့် ရန်ကုန် – မော်လမြိုင် ခရီးစဉ် လေးခုကို ရပ်တန့်ထားရတယ်လို့ စစ်ကောင်စီမီဒီယာက သတင်းထုတ်ပြန်ပါတယ်။
ဘီလင်းမြို့နယ် ဒုံဝန်းဘူတာနဲ့ နှင်းပုလဲ ဘူတာကြားမှာ ပေ ၁၅၀၀ ခန့်ရှည်လျားတဲ့ ရထားလမ်းနေရာမှာ ရထားလမ်းသံလမ်းအထက် ၂ လက်မခန့်ရေကျော်မှု ဖြစ်နေခဲ့တာပါ။
ဒါကြောင့် ရန်ကုန်က ထွက်ခွါလာတဲ့ အမှတ် ၈၁ အဆန်လူစီးရထားနဲ့ အမှတ် ၈၉ အဆန် RVE ရထားတို့ဟာ နှင်းပုလဲ ဘူတာမှာ ရပ်ထားရပြီး မော်လမြိုင်က ထွက်ခွါလာတဲ့ အမှတ် ၈၂ အစုန် လူစီးအမြန်ရထားဟာ တောင်စွန်းဘူတာနဲ့ အမှတ် ၉၀ အစုန် RVE အမြန်ရထားဟာ ဒုံဝန်းဘူတာ တို့မှာ ယာယီ ရပ်တန့်ပြီး စောင့်ဆိုင်းနေရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ညနေပိုင်းမှာ ရေပြန်ကျနေပေမဲ့ အဲ့ဒီဒေသက တံတားလေးဆင်းမှာ ရေစီးဆင်းမှု အရှိန်ပြင်းထန်တဲ့အတွက် တံတားတွေ ကြံခိုင်မှုကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန် – မော်လမြိုင် အဝေးပြေးကားလမ်းဟာ သထုံနဲ့ ဘီလင်း မြို့အကြားမှာ သုံးနေရာလောက် ရေကျော်မှု ဖြစ်နေတဲ့အတွက် ဒီကနေ့ မနက်လေးနာရီလောက်ကစပြီး ကားတွေ ဖြတ်သန်းသွားလာလို့ မရဘဲ ပိတ်နေတယ်လို့ သိရပါတယ်။
ပိတ်မိနေတဲ့ ကားအရေအတွက်ဟာ ခရီးသွားကားတွေနဲ့ ကုန်တင်ကား စုစုပေါင်း ၆၀၀ ကျော်ခန့် ပိတ်မိနေခဲ့တာလို့လည်း သိရပါတယ်။
The Tanintharyi Times
