ဘီလာရုစ်နဲ့ မြန်မာ စီးပွားရေးပူးပေါင်းမှု အရှိန်မြှင့်ဖို့ ဆွေးနွေး

ဘီလာရုစ်နဲ့ မြန်မာ စီးပွားရေးပူးပေါင်းမှု အရှိန်မြှင့်ဖို့ ဆွေးနွေး

မြန်မာစစ်တပ်ကို အကြီးစားစစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးနေတဲ့ ဘီလာရုစ်ဟာ မြန်မာနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဘီလာရုစ် ကုန်သည်စက်မှုအသင်း ထံကနေ သိရပါတယ်။

နှစ်နိုင်ငံ စီးပွားရေး အဆက်အသွယ် အရှိန်မြှင့်မယ့် အလားအလာတွေ၊ ယခုနှစ်အတွင်း ဘီလာရုစ်ကို မြန်မာစီးပွားရေး ကိုယ်စားလှယ်အဖွဲ့ လာရောက်မယ့် ကိစ္စနဲ့ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာပွဲတွေ ကျင်းပဖို့ ဘီလာရုစ် ကုန်သည်စက်မှုအသင်းနဲ့ မြန်မာသံအမတ်ကြီး ဦးလွင်ဦးတို့ ဆွေးနွေးခဲ့တယ်လို့ အဆိုပါအသင်းက ပြောပါတယ်။

သံအမတ်ကြီး ဦးလွင်ဦးဟာ စစ်ကောင်စီလေတပ်မှာ စစ်ဦးစီးအရာရှိချုပ် (လေ) အဖြစ်နဲ့ ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၅ ခုနှစ် ကိုးကန့်တိုက်ပွဲကိစ္စနဲ့ ပတ်သက်လို့ သံအမတ်အဖြစ် ပြောင်းရွှေ့ တာဝန်ပေးခံခဲ့ရပြီး ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ်ကနေ ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဖြစ်လာသူ ဖြစ်ပါတယ်။

အဲဒီနောက် ယခုနှစ် ဧပြီလမှာ စစ်ကောင်စီ ဥက္ကဋ္ဌက ဦးလွင်ဦးကို ဘီလာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်ခဲ့ပါတယ်။

ဘီလာရုစ်ဟာ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်လာတဲ့ နိုင်ငံဖြစ်ပေမဲ့ ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိနေပြီး မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ဖို့ ကုလသမဂ္ဂက ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ မဲခွဲဆုံးဖြတ်စဉ် ကန့်ကွက်မဲပေးခဲ့တဲ့ တခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။

ဘီလာရုစ်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ အဓိက ပါဝင်တဲ့ ကုန်တင်ပို့မှု နှစ်စဉ် ဒေါ်လာသန်းပေါင်း ဆယ်ဂဏန်းခန့် ရှိခဲ့ပြီး မြန်မာနိုင်ငံက အထည်လိပ်နဲ့ ဖိနပ် ဒေါ်လာသန်းဂဏန်း အနည်းငယ် ပြန်လည် ဝယ်ယူခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း/ဓာတ်ပုံ ကိုးကား – BelTA – News from Belarus

The Tanintharyi Times