စစ်ကောင်စီတစ်တပ်လုံး ထိုင်းဘက်ထွက်ပြေးလို့ ထီးခီးစခန်းကို လွယ်လွယ်ကူကူသိမ်းယူနိုင်ခဲ့တယ်လို့ KNU ဆို

စစ်ကောင်စီတစ်တပ်လုံး ထိုင်းဘက်ထွက်ပြေးလို့ ထီးခီးစခန်းကို လွယ်လွယ်ကူကူသိမ်းယူနိုင်ခဲ့တယ်လို့ KNU ဆို

ပုံစာ - ထီးခီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်နေတဲ့မြင်ကွင်း။

◼ KNU တပ်မဟာ ၄ ဌာနချုပ်နေရာဟောင်းကို ၂၈ နှစ်အကြာမှာ ပြန်လည်သိမ်းယူနိုင်ခဲ့

ထိုင်း-မြန်မာနယ်စပ်က ထီးခီးနယ်စပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ် တစ်တပ်လုံးနီးပါး ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတာကြောင့် လွယ်လွယ်ကူကူသိမ်းယူနိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုဝင်းခိုင်ကပြောပါတယ်။

ထီးခီးကုန်သွယ်ရေးဂိတ်အနီး တောင်ပေါ်က ထီးခီးစစ်ကောင်စီခန်းကို ပြီးခဲ့တဲ့လနောက်ဆုံးပတ်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မနက်မှာ KNLA၊ KNDO နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းယူခဲ့တာပါ။

ထီးခီးနယ်စပ်ဒေသဟာ အရင်က KNU တပ်မဟာ ၄ ဌာနချုပ်ဖြစ်ခဲ့ပေမဲ့ ၁၉၉၇ ခုနစ်နောက်ပိုင်းမှာ လက်လွှတ်ခဲ့ရပြီး ၂၈ နှစ်ခန့်အကြာမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စခန်းမှာကျန်ရှိနေတဲ့ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ ကျော်ဟာ မနေ့ညက ထိုင်းနိုင်ငံဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော်ပြီး ထပ်မံထွက်ပြေးသွားတာကြောင့် စခန်းကို လွယ်လွယ်ကူကူပဲသိမ်းနိုင်ခဲ့တယ်လို့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌက ဆိုပါတယ်။

‌”အေးအေးဆေးဆေးဘဲ သိမ်းယူလို့ရတယ်လေ။ သူတို့ညကတည်းက ထိုင်းဘက်ခြမ်းကို ပြေးတယ်ဆိုတော့ သေနတ်မဖောက်ဘဲ အေးဆေးသိမ်းလို့ရတဲ့သ‌ဘောပါပဲ။ အဲဒါကြောင့် ဖမ်းမိတာလည်းမရှိဘူး။ အခု စခန်းသိမ်းတဲ့အချိန်ကတော့ ကျနော်တို့ဘက်‌ကလည်းထိခိုက်တာမရှိဘူး သူတို့ဘက်ကလည်းထိခိုက်တာလည်းမရှိသလောက်ပါပဲ” လို့ KNU မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုဝင်းခိုင်ကပြောပါတယ်။

အခုလပထမပတ်အတွင်းမှာလည်း ထီးခီးစခန်းက စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်လောက်ဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ပါသေးတယ်။

အဲဒါကြောင့် စစ်ကောင်စီတပ်သား ၁၃၀ ကျော်ရှိတဲ့ထီးခီးစခန်းကနေ အားလုံးနီးပါးထွက်ပြေးသွားတာဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတချို့ရှိတယ်လို့လည်း တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုဝင်းခိုင်ကတော့ “ထိုင်းကထိန်းသိမ်းထားပြီးတော့ ဘယ်ကိုပို့မယ်ဆိုတာတော့မပြောတတ်ဘူးပေါ့နော်။ အရင်တစ်ခေါက်က ငါးဆယ်ကျော်ကတော့ ထိုင်းကနေ ရနောင်းကိုပြန်ပို့တာပြီးပြီ။ အခုတော့ဘယ်ကိုပို့မလဲမပြောတတ်ဘူး။ သတင်းအရတော့ ကျနော်တို့နဲ့ မနီးမဝေးနေရာကိုပို့မလားမပြောတတ်ဘူး။ ပို့ရင်တော့ တိုက်ပွဲကနယ်စပ်တစ်ကြောမှာ ထပ်ရှိမယ့်သဘောရှိတာပေါ့” လို့ ဆက်ပြောပါတယ်။

ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေဟာ လက်နက်တချို့ ကိုယူဆောင်သွားပေမဲ့ စခန်းမှာကျန်ခဲ့တဲ့ လက်နက်ကြီးနဲ့ခဲယမ်းတချို့ကိုတော့ တော်လှန်ရေးတပ်တွေဘက်က သိမ်းမိခဲ့တယ်လို့ KNU ဘက်က ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာ‌တော့ ထီးခီးနယ်စပ်စခန်းတစ်ဝိုက်မှာ စစ်ကောင်စီတပ်သားတွေလုံးဝမရှိတော့ဘဲ KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကပဲ ထိန်းချုပ်ထားပြီဖြစ်တယ်လို့ မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုဝင်းခိုင်ကပြောပါတယ်။

တိုက်ပွဲတောက်လျှောက်မှာ တော်လှန်‌ရေးတပ်တွေဘက်က ရဲဘော် ၃ ဦးခန့်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တချို့ရှိတယ်လို့လည်း တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ထီးခီးဒေသမှာ ၁၉၇၅ ခုနှစ်က KNU မြိတ်−ထားဝယ်ခရိုင်ရဲ့ ခရိုင် ဌာနချုပ်နဲ့ တပ်မဟာ ၄ ဌာနချုပ် အခြေစိုက်ရုံးတွေတည်ရှိခဲ့တာပါ။

အဲဒီနေရာနဲ့ ခြောက်မိုင်ခန့်ဝေးတဲ့ ထီးထဒေသမှာတော့ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံးအဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ နေထိုင်ခဲ့ကြတာလို့ သိရပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ မြန်မာ့စစ်တပ်ရဲ့ တပ်မ (၅၅)နဲ့ တပ်မ (၆၆) ဦးဆောင်တဲ့ တပ်ရင်း ၂၀ လောက်က ထီးခီးဒေသတစ်ဝိုက်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဒီနေရာတွေကို လက်လွှတ်ခဲ့ရတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထီးထဒေသက စစ်ကောင်စီဗျူဟာစခန်းကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ KNU နဲ့ တော်လှန်‌‌ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အခုသိမ်းလိုက်တဲ့ ထီးခီးနယ်စပ်ဒေသဟာ တရားဝင် နယ်စပ်ကူးတဲ့ လမ်းကြောင်းကြီး ဖြစ်တဲ့အတွက် စစ်ကောင်စီအတွက် တကယ်ဆုံးရှုံးရတဲ့ ရလာဒ်တစ်ခုဖြစ်တယ်လို့လည်း မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုဝင်းခိုင်ကဆိုပါတယ်။

“ကျနော်တို့ ဆုံးရှုံးခဲ့တဲ့ နေရာဒေသကို ကျနော်တို့ ပြန်ရတယ်ဆိုတော့လည်း ကျနော်တို့အတွက် တကယ့်ကို ပြောလို့မရအောင် ပြန်ဩဇာရတဲ့ သဘောပေါ့နော်။ အခုက သိမ်းပြီးပြီဆိုတော့ ပြန်ပြီးတောာ့ ထိန်းသိမ်းဖို့အတွက်ကလည်း ကိုယ့်ကိုယ်ကို ပြန်ခုခံရမဲ့ အပိုင်းတွေကလည်း များဦးမယ်ဆိုတော့ အလုပ်ကလည်း ရှုပ်လာဦးမယ် သေချာတယ်” ပဒိုဝင်းခိုင်က ဆက်ပြောပါတယ်။

KNU ဗဟိုကလည်း ထီးခီးဒေသကိုပြန်လည်သိမ်းပိုက်ပြီးနောက် ဒေသတွင်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကာကွယ်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ ထီးခီးနယ်စပ်နည်းတူ ထိုင်းနိုင်ငံနဲ့ ကုန်းလမ်းကအဓိကကုန်သွယ်နေတဲ့‌ မောတောင်နယ်စပ်လမ်းပေါ်က သိန်ခွန်းကျေးရွာတစ်ဝိုက်မှာလည်း ပြီးခဲ့တဲ့ငါးလလောက်ကစလို့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲရာနဲ့ချီဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

The Tanintharyi Times