ကိုကိုးကျွန်းက ဆောက်လုပ်ရေးလုပ်ငန်းတွေကို အိန္ဒိယနဲ့ ဂျပန်တို့ ဘာကြောင့် စိုးရိမ်သင့်သလဲ
ကိုကိုးကျွန်းက ဆောက်လုပ်ရေးလုပ်ငန်းတွေကို အိန္ဒိယနဲ့ ဂျပန်တို့ ဘာကြောင့် စိုးရိမ်သင့်သလဲ
မဟာဗျူဟာမြောက် အရေးပါတဲ့ မြန်မာပိုင် ကိုကိုးကျွန်းကို တရုတ်တွေ အလုံးစုံ ဝါးမြိုပြီး စစ်ရေး ခြေကုပ်မယူရသေးခင် မြန်မာစစ်တပ်ရဲ့ မထီမဲ့မြင် သဘောထားကို ဒီမိုကရေစီနိုင်ငံကြီးတွေက အမြန်ဆုံး ကန့်ကွက်တားဆီးဖို့ လိုအပ်ပါတယ်။
မကြာသေးမီက ကိုကိုးကျွန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းဟာ အိန္ဒိယ အစိုးရအတွက် အလွန် စိုးရိမ်စရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ကိုကိုးကျွန်းဟာ အိန္ဒိယရဲ့ အက်ဒ်မန် နဲ့ နီကိုဘာ ကျွန်းစုတွေရဲ့ အနီးအနားမှ တည်ရှိပါတယ်။
မကြာခင်က ထွက်ရှိခဲ့တဲ့ လန်ဒန်အခြေစိုက် Think-tank Chatham House ရဲ့ အစီရင်ခံစာမှာ လေယာဥ်ကွင်းတွေမှာ ထားလေ့ရှိတဲ့ သိုလှောင်ရုံကြီး နှစ်ရုံ၊ လမ်းကျယ် တစ်ခု၊ လူနေအိမ်ရာပုံစံ တစ်ကွက်၊ ၂,၃၀၀ မီတာ ရှည်တဲ့ လေယာဥ်ပြေးလမ်းတစ်ခုနဲ့ ရေဒါစခန်း တစ်ခုကို ကိုကိုးကျွန်းမှာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒီအဆောက်အအုံတွေဟာ စစ်လေယာဥ်တွေ ဆင်းသက်နိုင်တဲ့အပြင် အဲဒီ့ဒေသမှာရှိတဲ့ အိန္ဒိယစစ်တပ်ရဲ့ လှုပ်ရှားမှုအားလုံးကို မြန်မာစစ်တပ်က အလွယ်တကူ ထောက်လှမ်း သိရှိနိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။
မြန်မာ့အာဏာသိမ်းစစ်တပ်ဟာ မကြာသေးခင်ကပဲ အိန္ဒိယ နယ်စပ်နဲ့ အလွန်နီးကပ်တဲ့ ကျေးရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲထားတာ ဖြစ်ပါတယ်။
ကိုကိုးကျွန်းနဲ့ ပတ်သက်လို့ သုံးသပ်ကြည့်မယ်ဆိုရင် ဒီကျွန်းစုတွေကို မဟာဗျူဟာမြောက် အရေးပါတဲ့ အဖိုးတန်အရင်းအမြစ်တစ်ခုအနေနဲ့ အသုံးပြုခဲ့တာ အချိန်အတော်ကြာပါပြီ။
၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွေက ကိုကိုးကျွန်းမှာ တရုတ်ပိုင် အသံဖမ်းထောက်လှမ်းရေးစခန်းတစ်ခု တည်ဆောက်ထားတယ် ဆိုတဲ့ (အတည်မပြုနိုင်ခဲ့တဲ့) သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အခုအချိန်မှာ ထွက်ပေါ်လာတဲ့ ကိုကိုးကျွန်းရဲ့ ဂြိုလ်တုဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင် မကြာမီအချိန်အတွင်း စောင့်ကြည့် စုံစမ်းထောက်လှမ်းရေး လုပ်ငန်းတွေကို ကျကျနန လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ ကိုကိုးကျွန်းဟာ အိန္ဒိယအတွက် မဟာဗျူဟာမြောက် အရေးပါတဲ့ အန်ဒမန်နဲ့ နီကိုဘာကျွန်းစုတွေရဲ့ မြောက်ဘက် ၅၅ ကီလိုမီတာ (၃၄ မိုင်) အကွာမှာ ရှိပါတယ်။
◉ တရုတ်ရဲ့ မက်လုံးပေး ဆွဲဆောင်မှု
အိန္ဒိယရဲ့ နိုင်ငံပိုင် အာကာသ သုတေသနအဖွဲ့ (ISRO) က ချန်ဒီပါ ပင်လယ်ပြင်နဲ့ ဆရီဟာရီကိုတာ အာကာသစခန်းကနေ ဂြိုလ်တုနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ပုံမှန်လုပ်ဆောင်လေ့ရှိပါတယ်။ ဒီနေရာတွေဟာလည်း ကိုကိုးကျွန်းအနီးမှာ ရှိနေတာပါ။ အဲ့တာကြောင့် စိုးရိမ်စရာ အချက်တစ်ချက်က မြန်မာ့စီးပွားရေး ပြိုကျနေတဲ့ အချိန်မှာ ကိုကိုးကျွန်းရဲ့ ထောက်လှမ်းရေးကိရိယာတွေကတဆင့် ရရှိလာတဲ့ သတင်းအချက်အလက်တွေကို တရုတ်အစိုးရထံ ရောင်းချပြီး ငွေရှာနိုင်ဖွယ် ရှိပါတယ်။
အိန္ဒိယရဲ့ အက်ဒ်မန်နဲ့ နီကိုဘာ ကျွန်းစုတွေရဲ့ ကွင်းဆက်ဟာ မဟာဗျူဟာကျကျ အရေးပါတဲ့ မလက္ကာရေလက်ကြားရဲ့ ဝင်ပေါက်မှာ တည်ရှိနေပါတယ်။
တစ်နှစ်ကို မလက္ကာရေလက်ကြားကနေ ဖြတ်သန်းသွားရတဲ့ သင်္ဘောပေါင်း ၉၀,၀၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီပမာဏဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်း ဝန်းကျင်ရှိနေပါတယ်။
ဒါ့အပြင် အရှေ့တောင်အာရှနဲ့ အရှေ့အာရှ နိူင်ငံတွေနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိန္ဒိယက ချမှတ်ထားတဲ့ အရှေ့ဘက်သို့ ဆန့်ထွက်ခြင်းမူဝါဒ (Act-East Policy) အတွက်လည်း အရေးကြီးနေပါတယ်။
၂၀၁၈ ခုနှစ်မှာ အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒရာ မိုဒီ က စင်ကာပူနိုင်ငံ Shangri-La Dialogue မှာ မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီမှာ ဝေဒခေတ် မတိုင်မီကတည်းက အိန္ဒိယက သမုဒ္ဒရာတွေရဲ့ အခန်းကဏ္ဍကို အထူးအလေးပေး စဥ်းစားလေ့ရှိကြတယ်လို့ သူက ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက အိန္ဒူမြစ်ဝှမ်းယဥ်ကျေးမှု (Indus Valley Civilization) နဲ့ အိန္ဒိယကျွန်းဆွယ်တို့မှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုတွေ ရှိခဲ့ကြတယ်။
◉ ဂျပန်အတွက် ဘာကြောင့် ပူပန်စရာ ဖြစ်နေတာလဲ
ဂျီဘူတီမှာ ဂျပန်ရဲ့ ကိုယ်ပိုင်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့(JMSDF) အခြေစိုက်ပါတယ်။ ကိုကိုးကျွန်းမှာရှိတဲ့ တရုတ်ထောက်လှမ်းရေးတွေဟာ ဂျပန်သင်္ဘောတွေအတွက် စိုးရိမ်စရာ ကောင်းပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံဟာ ရေနံတင်သွင်းတဲ့ နိုင်ငံဖြစ်တာကြောင့် သူ့ရဲ့ ရေနံတင်ပို့တဲ့ ထောက်ပံ့ရေးကွင်းဆက်မှာ အနှောင့်အယှက် တစ်စုံတရာ ပေါ်ပေါက်ခဲ့ရင် နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးကို ထိခိုက်စေနိုင်ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ရုရှားရေနံကဏ္ဍမှာ ဂျပန်ပိုင် ရင်းနှီးမြုပ်နှံမှုတွေ ထိခိုက်ခဲ့တာကြောင့် ရေနံနဲ့ ပတ်သက်တဲ့ ဖိအားတွေနဲ့ ဂျပန် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ တရုတ်နိုင်ငံက ထိုင်ဝမ်အပေါ် ရန်လိုနေချိန်မှာ ဂျပန်သင်္ဘောလိုင်းတွေကို ခြိမ်းခြောက်လာနိုင်ပါတယ်။ အထူးသဖြင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီရဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ထိုင်ဝမ်ခရီးစဥ်နဲ့ ၂၀၂၃ ခုနှစ် မတ်လ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် ရဲ့ အမေရိကန် အလည်အပတ်ခရီးစဥ် တို့အပြီး တရုတ်က စစ်ရေး ခြိမ်းခြောက်မှု တွေ တိုးမြှင့်လာခဲ့ပါတယ်။
နောက်ထပ်စဥ်းစားစရာတစ်ချက်ကတော့ တရုတ်ရဲ့ ပုလဲသွယ်စီမံကိန်းဗျူဟာမှာ ဒီကျွန်းစုတွေသာ ပါဝင်နေခဲ့ရင် ဂျပန်အတွက် စိုးရိမ်စရာ ကောင်းနေပါတယ်။ တရုတ်အစိုးရဟာ မြန်မာနိုင်ငံက ကျောက်ဖြူ၊ သီရိလင်္ကာက ဟမ်ဘန်တိုတာ၊ ပါကစ္စတန်က ဂွဒါရ် အပါအဝင် နောက်ထပ် အခြေစိုက်စခန်းတွေကို အိန္ဒိယသမုဒ္ဒရာမှာ တည်ဆောက်နေပါတယ်။ ဒီစခန်းတွေကို နောက်ပိုင်းမှာ အရပ်သား ရည်ရွယ်ချက်အတွက်သာမက စစ်ရေးအတွက်လည်း အသုံးပြုလာနိုင်ပါတယ်။
◉ အိန္ဒိယအတွက် ဘယ်လိုနည်းလမ်းတွေ ရှိဦးမလဲ။
နယူးဒေလီအနေနဲ့ မြန်မာ့အရေးကို ပေါ့ပေါ့တန်တန် မတွေးသင့်တော့ပါဘူး။ တကယ်လို့သာ အိန္ဒိယ စစ်ရေးလေ့ကျင့်မှုတွေကို ထောက်လှမ်းဖို့အတွက် တရုတ်က ဒီအဆောက်အအုံတွေကို အသုံးချလာရင် ဒါဟာ အင်မတန် ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာလည်း ရိုဟင်ဂျာတွေကို ဖိနှိပ်တဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတကာ စကားဝိုင်းတွေမှာ အမြဲလိုလို ပါဝင်နေပြီး အာဏာပိုကြီးတဲ့ အိန္ဒိယကို ရန်စတဲ့ လုပ်ရပ်မျိုး မလုပ်နိုင်ပါဘူး။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတွေ ပါဝင်တဲ့ အုပ်စု G20 မှာ အိန္ဒိယက အခုနှစ်အတွက် ဥက္ကဋ္ဌတာဝန်ယူထားပါတယ်။
ဒါ့အပြင် အိန္ဒိယအရှေ့မြောက်ပိုင်းက တော်လှန်ရေးတပ်သားတွေက မြန်မာနိုင်ငံအတွင်းမှာ ခိုလှုံနေကြတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အချိန်အတော်ကြာ ငြိမ်သက်နေတဲ့ အရှေ့မြောက်ဒေသအတွက် ဒါဟာ အလွန်စိုးရိမ်စရာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ မြန်မာစစ်အုပ်စုဟာ အလွန်အန္တရာယ်များတဲ့ ဂိမ်းကို ကစားချင်ပုံရတာကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို နားလည်အောင် ကြိုတင်ပြီး ထောက်ပြထားဖို့ လိုအပ်နေပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံကဏ္ဍမှာ ထဲထဲဝင်ဝင် ပါဝင်နေတာကြောင့် ဒီအချက်ကို အပိုင်ကိုင်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သင့်ပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်က ကျောက်ဖြူမှာ အရှေ့အလယ်ပိုင်းက ရေနံ တိုက်ရိုက် တင်သွင်းနိုင်တဲ့ ပိုက်လိုင်းတွေ တည်ဆောက်ထားပြီး အဲဒီ့က တဆင့် တရုတ်နိုင်ငံ တောင်ပိုင်း ကူမင်းမြို့ကို ကုန်းတွင်းပိုင်းကနေ ပို့ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ ရေနက်ဆိပ်ကမ်းနဲ့ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ စက်မှုဇုန်တစ်ခု တည်ဆောက်ဖို့လည်း ပြင်ဆင်နေပါတယ်။
◉ ရှေ့ဆက် ဘာတွေဖြစ်နိုင်မလဲ
မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ မထီမဲ့မြင် သဘောထားကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ရေးက ဂျပန်၊ အိန္ဒိယနဲ့ အခြားသော ဒီမိုကရေစီ နိုင်ငံအားလုံးရဲ့ဘုံရည်မှန်းချက် ဖြစ်လာနိုင်ပါတယ်။
လုံခြုံပြီး စိတ်ချရတဲ့ ပင်လယ်ရေလမ်းကြောင်းတွေ ရှိနေဖို့က အိန္ဒိယရဲ့ “အရှေ့ဆန့်ထွက်မူဝါဒ” နဲ့ ဂျပန်ရဲ့ “လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် မျှော်မှန်းချက်” စတဲ့ ရည်မှန်းချက်နှစ်ခုစလုံး အကောင်အထည်ဖော်နိုင်ရေးအတွက် အလွန်အဓိက ကျနေလို့ပါပဲ။
Dr. Rupakjyoti Borah
(Japan Forward မှာ မေ ၄ ရက်နေ့က ဖော်ပြခဲ့တဲ့ သုတေသီ Dr. Rupakjyoti Borah ရေးသားတဲ့ “Myanmar’s Construction on the Coco Islands: Why India and Japan Need to Worry” ဆောင်းပါး ကို Connect Burma က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်)
The Tanintharyi Times
