တရားမဝင်အဖွဲ့အစည်းဖြစ်တဲ့စစ်တပ်က နိုင်ငံရေးဆွေးနွေးပွဲဖိတ်ခေါ်ခွင့်မရှိဘူးလို့ KNU တုံ့ပြန်

တရားမဝင်အဖွဲ့အစည်းဖြစ်တဲ့စစ်တပ်က နိုင်ငံရေးဆွေးနွေးပွဲဖိတ်ခေါ်ခွင့်မရှိဘူးလို့ KNU တုံ့ပြန်

စစ်ကောင်စီက ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဘူးလို့ ပြောထားတဲ့ KNUက တရားမဝင်အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်အနေနဲ့ အခုလိုနိုင်ငံရေးဆွေးနွေးပွဲခေါ်ပိုင်ခွင့်မရှိလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တုံ့ပြန်ပြောဆိုလိုက်တာပါ။

“အာဏာသိမ်းလိုက်တဲ့စစ်တပ်ဟာ တရားမဝင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်သွားပြီဆိုတာရှင်းတယ်။ ဒီလိုတရားမဝင်တဲ့အဖွဲ့အစည်းက ဒီလိုနိုင်ငံရေးဆွေးနွေးပွဲမျိုးခေါ်ပိုင်ခွင့်မရှိဘူးဆိုတာ ကျနော်တို့အတိအလင်းပြောမယ်” လို့ ပဒိုစောတောနီးက ပြောပါတယ်။

စစ်တပ်ဟာ ​တစ်ဘက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ပြီး မြေပြင်မှာထိုးစစ်ဆင်တာတွေလုပ်ဆောင်နေတာတွေဟာ အပြောနဲ့အလုပ်မညီတဲ့လုပ်ရပ်တွေဖြစ်တယ်လို့ သူကဆိုပါတယ်။

“သူတို့ကတရားမဝင်တဲ့သူတွေဖြစ်တယ်။ ကျနော်တို့မသွားရဲတာမဟုတ်ဘူး။ ​ဆယ်ခါပြန်မကသွားရဲတယ်။ ဒါပေမယ့် ဒီအချိန်ဒီကာလမျိုးမှာ စစ်ကောင်စီကဘယ်လိုနိုင်ငံရေးဆွေးနွေးပွဲမျိုးမှမထိုက်တန်ဘူးဆိုတာ ကျနော်ဒါကိုပြောချင်တယ်” လို့ ပဒိုစောတောနီးကပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်တွေ့မယ်ဆိုပြီးကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်လွတ်မြောက်ရေးတပ်မတော်KIA၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က တက်ရောက်မှာမဟုတ်ဘူးလို့ထုတ်ပြန်ထားကြပါတယ်။