တနင်္သာရီမြို့က စစ်ကောင်စီတပ်ရင်းသုံးခု ဒရုန်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံရ

တနင်္သာရီမြို့က စစ်ကောင်စီတပ်ရင်းသုံးခု ဒရုန်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံရ

ပုံစာ - မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) ရဲ့ ADF ဒရုန်းတပ်ဖွဲ့။

တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း သုံးခုကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၁) က ဧပြီလ ပထမအပတ်ထဲမှာ ဒရုန်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကြောင်းရဲ့ ပြန်ကြားရေး တာဝန်ရှိသူဆီကနေ သိရပါတယ်။

ဒရုန်းစစ်ဆင်ရေးတွေကို အဓိကလုပ်ဆောင်ခဲ့တာကတော့ ပူးပေါင်းစစ်ကြောင်း (၁) ရဲ့ ADF ဒရုန်းအဖွဲ့ကနေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပူးပေါင်းစစ်ကြောင်း (၁) ကနေ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ တပ်ရင်းတွေကတော့ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇) တပ်ရင်း၊ ကမ်းမလိုင်းရွာအခြေစိုက် ခမရ (၅၅၈) နဲ့ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၆၁) တို့ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ ညပိုင်းမှာ ခမရ (၅၅၇) တပ်ရင်းကို တစ်ကြိမ်၊ ခမရ (၅၆၁) တပ်ရင်းကိုနှစ်ကြိမ် ဒရုန်းနဲ့ ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ပြီး ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာလည်း ခမရ (၅၅၇) တပ်ရင်းကို ဒရုန်းနဲ့သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။

“ ကျနော်တို့ မြေပြင်ရော၊ ဝေဟင်ရော ပူးပေါင်းပြီး တိုက်ခိုက်သွားမှာပါ” လို့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ဧပြီ ၇ ရက်နဲ့ ၈ ရက်က တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိပေမဲ့ အရေအတွက် အတိအကျကို အတည်ပြုစုံစမ်းနေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက် ကစပြီး ဧပြီလ ၄ ရက်အထိ ဒရုန်းတိုက်ခိုက်မှုပေါင်း အကြိမ် ၂၀ ကျော်လောက် လုပ်ဆောင်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၇ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ်က စစ်ကောင်စီတပ်ရင်းတွေ တစ်ပတ်အတွင်း ဆက်တိုက် တိုက်ခိုက်ခံရပြီးနောက် မနေ့က ဧပြီ ၈ ရက် မနက်ပိုင်းမှာတော့ တကူရွာဝန်းကျင်ကို တိုက်လေယာဉ် နှစ်ကြိမ်တိတိ လာရောက်ဝဲပျံသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တနင်္သာရီမြို့ ကျေးလက်ဒေသတွေက ဒေသခံတွေအနေနဲ့ကတော့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ရှိလာမှာကို စိုးရိမ်နေကြပါတယ်။

” လေယာဉ်အသံကြားရပြီဆိုတာနဲ့ စိတ်ထဲမှာအားလုံး ဗြောင်းဆန်ကုန်တယ်” လို့ တကူရွာဒေသခံအမျိုး သမီးတစ်ဦးကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က ဆက်တိုက် တိုက်ခိုက်ခံရတာတွေကြောင့် ဒေသခံပြည်သူတွေ နေထိုင်ရာနေရာတွေကို လက်နက်ကြီးပစ်ခတ်တာတွေနဲ့ စားသောက်ကုန် သယ်ယူခွင့် ပိတ်ပင် ဖြတ်တောက်တာတွေကို လုပ်ဆောင်နေတယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေက ပြောပါတယ်။

အခုလ ၆ ရက်နေ့ကစပြီး တနင်္သာရီမြို့နယ်က စစ်ကောင်စီစစ်ဆေးဂိတ်တွေဟာ မြို့ပေါ်ကလွဲလို့ ကျေးလက်ဒေသတွေကို စားသောက်ကုန်သယ်ယူခွင့် လုံးဝပိတ်ချလိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

The Tanintharyi Times