တနင်္သာရီမြို့နယ်မှာ ဒီကနေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါး၊ စစ်ကောင်စီဘက်က ၁၈ ဦးထက် မနည်း ထိခိုက်သေဆုံး

တနင်္သာရီမြို့နယ်မှာ ဒီကနေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါး၊ စစ်ကောင်စီဘက်က ၁၈ ဦးထက် မနည်း ထိခိုက်သေဆုံး

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း-၂က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ မနက် ၁၁ နာရီခွဲလောက်က ကမ်းတိုရွာအနီးမှာ အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်သားတွေနဲ့ မြိတ်ခရိုင်တပ်ရင်း ၂၊ တနင်္သာရီရိုးမ၊ မြိတ် (ပကဖ)၊ တောပုန်းကြီးအဖွဲ့တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၈ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“သူတို့ကစစ်ကြောင်းထိုးတာမျိုးမဟုတ်ဘဲ ပြည်ထောင်စု လမ်းမကြီးရှင်းလင်းရေးလာလုပ်နေကြတဲ့အချိန်နဲ့တွေ့တာပါ” လို့မြိတ်ခရိုင်တပ်ရင်း ၂ ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

အဲဒီနောက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်လောက်မှာလည်း သိန်ခွန်းကျေးရွာအလွန်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၁နာရီကြာ နှစ်ဖက်တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်က ၁၀ဦးနဲ့အထက်သေဆုံးပြီး စကားပြောစက်တစ်လုံးသိမ်းဆည်ရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“သူတို့က ပြီးခဲ့တဲ့လကုန်ပိုင်းကတည်းကသိန်ခွန်းနားကိုလာပြီး တိုးလိုက်ဆုတ်လိုက်လုပ်နေတာ။ အင်အားကတော့အခုပြန်များလာနေတယ်”လို့မြိတ်ခရိုင်တပ်ရင်း-၂ ရဲ့ပြန်ကြားရေးတာဝန်ခံကဆက်ပြောပါတယ်။

သိန်းခွန်းရွာအနီးတိုက်ခိုက်မှုကိုတော့ မြိတ်ခရိုင်တပ်ရင်း-မြိတ်ခရိုင်တပ်ရင်း၂၊ မြိတ် (ပကဖ)၊ KTLA နဲ့ တနင်္သာရီ (ပကဖ) တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာ​ဖြစ်ပါတယ်။

ဒီနေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများပြားရတာကတော့ တော်လှန်ရေးတပ်တွေဘက်က ပြောက်ကျားစနစ်တဲ့တိုက်ခိုက်တာကြောင့်ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

တနင်္သာရီမြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေကြောင့် ဒေသခံမိဘပြည်သူတွေနဲ့ ခရီးသွားပြည်သူတွသတိရှိရှိသွားလာနေထိုင်ကြဖို့ မြိတ်ခရိုင် တပ်ရင်း-၂က မေတ္တာရပ်ခံထားပါတယ်။

The Tanintharyi Times