ကော့သောင်း ခရီးသည်တင်ယာဥ်တွေပြန်လည်ပြေးဆွဲ
ကော့သောင်း ခရီးသည်တင်ယာဥ်တွေပြန်လည်ပြေးဆွဲ

ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး ရပ်နားခဲ့တဲ့ ကော့သောင်းခရီးသည်တင်ယာဥ်လိုင်းတွေ ဒီနေ့ကစပြီး ပြန်လည် ပြေးဆွဲနေပြီလို့ ယာဥ်လိုင်းတွေကနေသိရပါတယ်။
တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာမှာ စစ်ကောင်စီကားမိုင်းဆွဲခံရပြီးနောက် တံတားတစ်ဖက်နိမ့်ကျသွားလို့ဆိုပြီး ဧပြီ၆ရက်နေ့ကတည်းကအဝေးပြေးယာဥ်လိုင်းတွေရပ်နားထားခဲ့တာဖြစ်ပါတယ်
စစ်ကောင်စီကားမိုင်းဆွဲခံရတဲ့ရမ်းဖိုတံတားဟာ တံတားနဲ့ချဥ်းကပ်လမ်းတို့ဆုံတဲ့နေရာမှာ မိုင်းဒဏ်ကြောင့် ချဥ်းကပ်လမ်းဘက်က မြေသားအနည်းငယ်နိမ့်ကျသွားခဲ့တာဖြစ်ပါတယ်
နိမ့်ကျသွားတဲ့ချဥ်းကပ်လမ်းကို ပြန်လည်ပြုပြင်မှုတွေမလုပ်ရသေးပေမဲ့ ကားတွေဖြတ်သန်းလို့ရနေသေးတာကြောင့် ဒီကနေ့မနက်ပိုင်းကစလို့ ပြန်လည်သွားလာနေကြတာလို့ ရမ်းဖိုးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကပြောပါတယ်။
အခုလိုကားတွေပြန်လည်ပြေးဆွဲတဲ့အခါမှာလည်း ရပ်နားထားတဲ့ရက်တွေက ပိတ်မိနေတဲ့ကုန်စည်တွေများတာကြောင့် ကော့သောင်းဘက်က ကားတွေမှာ ကားဂိတ်တစ်ခုကို ကားနှစ်စီးအထိ ပြေးဆွဲနေရတယ်လို့လည်းသိရပါတယ်။
“မနက်အစောပိုင်းကထွက်သွားတာ ကားမှာ ကုန်အပြည့် လူအပြည့်ပဲ နှစ်စီးတောင်ထွက်သွားရတယ် သင်္ကြန်လည်းနီးပြီးဆိုတော့ ထွက်လို့ရတာပဲတော်သေးတယ်”လို့ ခရီးသည်တင်ကားလိုင်းတစ်ခုရဲ့ ဂိတ်မှူးတစ်ဦးကပြောပါတယ်။
ကော့သောင်းမြိတ်ကာလမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေနေ့စဥ်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေတာကြောင့် ခရီးသည်တင်ကားတွေအနေနဲ့ ပုံမှန်ထက်ပိုပြီးပြေးဆွဲချိန်ကြန့်ကြာနေတာတွေလည်းရှိပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြိတ်-ကော့သောင်းလမ်းပိုင်းကို မသွားလာကြဖို့သတိပေးစာတွေလည်းထုတ်ပြန်ထားကြပါတယ်။
The Tanintharyi Times