ပုလောအခြေစိုက် ခလရ (၂၈၅)တပ်ရင်းက လက်နက်ကြီးနဲ့ပစ်လို့ လက္ကူးရွာသား ၄ ဦး ထိခိုက်ဒဏ်ရာရ
ပုလောအခြေစိုက် ခလရ (၂၈၅)တပ်ရင်းက လက်နက်ကြီးနဲ့ပစ်လို့ လက္ကူးရွာသား ၄ ဦး ထိခိုက်ဒဏ်ရာရ

ဒီကနေ့မနက် ၈ နာရီ ဝန်းကျင်က ပုလောအခြေစိုက် ခလရ (၂၈၅)တပ်ရင်းကနေ လက္ကူးရွာကို လက်နက်ကြီးနဲ့ အချက်ပေါင်း ၂၀ ခန့် ပစ်ခတ်ခဲ့လို့ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လက္ကူးရွာနေ ဦးညဏ်ကြွယ် (ခ) ဦးစုကမ်းငယ် အိမ်ကို ထိမှန်ခဲ့ပြီး အိမ်ပေါ်မှာ ရှိနေတဲ့ ဦးစုကမ်းငယ်နဲ့ ဇနီး မဘဲဥ၊ အနီးအနားပတ်ဝန်းကျင်က ဦးနောင်နီ၊ ဦးဖိုးဝတို့ ကျည်စထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျည်ထိမှန်သူတွေဟာ ပုလော ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံနေကြရပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးရရှိတဲ့ ဒဏ်ရာမှာ စိုးရိမ်ရကြောင်း ကျန်အမျိုးသား ၂ ဦး ရရှိတဲ့ ဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေ အတိအကျကိုတော့ တနင်္သာရီတိုင်းမ် အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီကနေ့ မနက် ၇ နာရီကျော်က ခလရ (၂၈၅)တပ်ရင်း ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပြီးချိန်မှာ လက္ကူးရွာဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
ခလရ (၂၈၅) တပ်ရင်းက ပြီးခဲ့တဲ့ သုံးရက်ကလည်း ပုလောမြို့နယ်ထဲကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဒီကောင်တွေက ကင်းထောက်မီး မြင်လည်းပစ်တယ်။ pdf အရိပ်မြင်လည်းပစ်တယ်။ pdf တွေ ဘယ်နေရာ ရောက်နေတယ် စသဖြင့် အစတစ်ခုခုရရင်လည်း ရမ်းထုတာပဲ။” လို့ ပုလောမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီကနေ့ တစ်မနက်တည်းမှာပဲ ပုလောမြို့ပေါ်က မြို့နယ်ခန်းမအပြင် ခလရ (၂၈၅)တပ်ရင်းရဲ့ အဝင်ဂိတ်၊ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ပုလောကုန်းကျေးရွာတွေကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အခုချိန်ထိ စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
The Tanintharyi Times