မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ၊ “မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကိုနားမလည်သူ” လို့ ဝေဖန်ခံရ
မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ၊ “မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကိုနားမလည်သူ” လို့ ဝေဖန်ခံရ
မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက်သတ်ဖြတ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ထားတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့တွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ပေထုံတန် ရှင်နာဝပ်ကို ထိုင်းအတိုက်ခံ အမတ်တစ်ဦးကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
ထိုင်းအတိုက်အခံပါတီ Fair Party ပါတီက အမတ်လည်းဖြစ်၊အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ကန်နာဝီ ဆစ်ဘ်ဆန် က ထိုင်းဝန်ကြီး ပေထုံထန်ရှင်နာဝပ် ဟာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ပတ်သက်ပြီး နားလည်နိုင်စွမ်းအားနည်းနေပြီး သံတမန်ရေးရာ ရပ်တည်ချက်လည်း အားနည်းသူဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျူးလွန်ပြီး ကိုင်တွယ်ဖြေရှင်းဖို့လည်း ပျက်ကွက်နေတဲ့ စစ်အာဏာရှင်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလက်ခံတွေ့ဆုံခဲ့တဲ့ အပြင် စစ်အာဏာရှင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်းထောက်ခံခဲ့တယ်လို့ ကန်နာဝီ က လူမှုကွန်ရက်တွေမှာ ဝေဖန်ထားတာဖြစ်ပါတယ်။
“ ထိုင်းဝန်ကြီးချုပ်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်ဟာ လူပေါင်း ၁၆ သန်းနီးပါးကို ထိခိုက်အောင် လုပ်ဆောင်ထားပြီး လူသုံးသန်းလောက်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပါတယ်။ အဲ့ဒါကို ဝန်ကြီးချုပ်က စစ်တပ်ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ပြောနေပါတယ်။ ဒါဟာ မြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ အကျပ်အတည်းအပေါ် နားလည်နိုင်စွမ်းအတော်အားနည်း နေတယ်ဆိုဖော်ပြနေပါတယ်” လို့ အတိုက်အခံအမတ် ကန်နာဝီ ဆိုပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာကျင်းပနေတဲ့ မဟာမဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ACMECS အစည်းအဝေးတွေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပါဝင်ခွင့် ပြုခဲ့တဲ့ အပေါ် မှာလည်း ဒေသတွင်း သံတမန်ဆက်ဆံရေး အတွက်စိုးရိမ်စရာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံ ခရီးစဉ်ဖိတ်ကြားတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေဟာလည်းမေးခွန်းထုတ်စရာဖြစ်နေတဲ့ အပြင် ထိုင်းဝန်ကြီးချုပ် ရဲ့ ဒေသတွင်း ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အစီစဉ်ဆိုတဲ့ မှုဝါဒ ကိုလည်း ပြန်သုံးသပ်ဖို့ လိုတယ်လို့ ကန်နာဝီ ကဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ်အနေနဲ့ မြန်မာ စစ်တပ်ကဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အစီစဉ်တွေကို ထောက်ခံတာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ အပေါ်ရက်စက်ယုတ်မာ မှုတွေကျူးလွန်ထားတဲ့ စစ်တပ်ကို ထောက်ခံတာနဲ့ တူတူပဲ လို့လည်း ကန်နာဝီ ကထောက်ပြပါတယ်။
ထိုင်းအစိုးရအနေနဲ့ မြန်မာ စစ်အုပ်စုကို အနီးကပ်ဆက်ဆံတာနဲ့ပတ်သက်ပြီးလည်း အလွန်အမင်းစိုးရိမ်စရာဖြစ်တယ်လို့ သူကပြောပါတယ်။
ကိုးကား – Thai Enquirer
(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
