NUG ကို ဆက်လက်အားပေး ထောက်ခံမယ်လို့ အမေရိကန်ပြော
NUG ကို ဆက်လက်အားပေး ထောက်ခံမယ်လို့ အမေရိကန်ပြော
မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဆက်လက်အားပေး ထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် က ဒီကနေ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ ရိုဟင်ဂျာ လူမျိုးများကဲ့သို့ လူနည်းစုတိုင်းရင်းသားများ အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ဆက်လက် အားပေးထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
အာဏာရှင်အဖွဲ့အစည်းဟာ မြေလှန်မီးရှို့စစ်ဆင်ရေးတွေ ဆောင်ရွက်ပြီး ပြည်သူတွေအပေါ် အာဏာရှင်စနစ် ပြန်အသက်သွင်းဖို့ ကြိုးပမ်းနေတယ်လို့လည်း စစ်တပ်ရဲ့ လုပ်ရပ်တွေကို ရည်ညွှန်းပြီး အမေရိကန် နိုင်ငံခြားရေးရဲ့ ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။
စစ်အာဏာရှင်တွေ စီစဉ်နေတဲ့ ဟန်ပြရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတဖို့ မဖြစ်နိုင်သလို အကြမ်းဖက်မှုတွေ ပိုဖြစ်အောင် တွန်းအားပေးပြီး အကြပ်အတည်းကို ပိုမိုကြာရှည်စေကာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေမယ်လို့လည်း ထပ်လောင်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆောင်ရွက်တဲ့နေရာမှာ ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်တွေနဲ့သာ အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆောင်ရွက်ကြဖို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို အမေရိကန်က တိုက်တွန်းထားပါတယ်။
အာဏာရှင်အဖွဲ့အစည်းရဲ့ ဝင်ငွေရလမ်းနဲ့ အရင်းအမြစ်တွေကို ပိတ်ဆို့ဖို့ မိတ်ဖက်တွေနဲ့ အတူ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန်က ဆိုပါတယ်။
အာဏာသိမ်းတဲ့ အချိန်ကစပြီး စစ်တပ်ဟာ လူပေါင်း ၂,၄၀၀ ကျော်သတ်ဖြတ်ခဲ့သလို သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီထားတယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ရွေးကောက်ပွဲ နှစ်နှစ်ပြည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်အထိ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် ပါတီဝင်ပေါင်း ၁၁၆၉ ဦး ဖမ်းဆီးခံခဲ့ရကာ သေဆုံးသူ ၆၇ ဦးရှိတယ်လို့ ဆိုပါတယ်။
The Tanintharyi Times
