သွေးစွန်းနေတဲ့ ထားဝယ်မြို့တော်ခန်းမ
သွေးစွန်းနေတဲ့ ထားဝယ်မြို့တော်ခန်းမ
စစ်တပ်အုပ်ချုပ်မှုအောက်က ထားဝယ်မြို့မှာ အခုလက်ရှိ မြို့တော်ခန်းမနှစ်ခုရှိနေပါပြီ။
ဗုံတစ်လုံးချိတ်ဆွဲထားတဲ့ မြို့တော်ခန်းမကြီးရှိနေပေမဲ့ အဲဒါနဲ့ မျက်နှာချင်းဆိုင်မှာ ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော် အကုန်အကျခံပြီး နောက်ထပ် မြို့တော်ခန်းမအသစ်ကို စစ်အုပ်စုက ဆောက်လုပ်ထားပါတယ်။ အဲဒီခန်းမအသစ်ဖွင့်ပွဲကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်ပြီး ဖွင့်လှစ်ခဲ့တာပါ။
မြို့တော်ခန်းမအသစ်ဟာ နှစ်ဧကလောက်ကျယ်တဲ့ ဗထူးပန်းခြံတစ်ခုလုံးကိုရှင်းလင်းလိုက်ပြီး အဲဒီနေရာမှာ အရင်ကထက်နှစ်ဆနီးပါးကြီးတဲ့ မြို့တော်ခန်းမအသစ်ကို ဆောက်လုပ်ခဲ့တာပါ။
အရင်မြို့တော်ခန်းမအဆောက်အအုံကို ၁၉၉၀ ခုနစ်ကမှ ဆောက်လုပ်ထားတာဖြစ်လို့ သက်တမ်းအားဖြင့် ၃၅ နှစ်သာရှိပါသေးတယ်။ ဒါကြောင့် အဆောက်အအုံအတွင်းရော အပြင်ပါ ထိခိုက်ပျက်စီးတာတွေမရှိဘဲ အကောင်းပကတိပါပဲ။
ဒါဆိုရင် ဘာကြောင့် မြို့တော်ခန်းမနောက်တစ်ခုကို စစ်ခေါင်းဆောင် ထပ်ဆောက်တာပါလဲ။
အကြောင်းကတော့ မြို့တော်ခန်းမအဟောင်းရှိတဲ့မြေနေရာဟာ သူနဲ့ကပ်ရက်မှာရှိတဲ့ ဟိုတယ်ထားဝယ် (Hotel Dawei) ကိုငှားရမ်းထားပြီးသားနေရာဖြစ်နေလို့ပါပဲ။ မြို့တော်ခန်းမအဟောင်းရှိတဲ့မြေနေရာဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက ဟိုတယ်ထားဝယ်ပိုင်ဆိုင်သွားခဲ့လို့ပဲဖြစ်ပါတယ်။
■ မြို့တော်ခန်းမကို ရောင်းစားခြင်း
ဦးသိန်းစိန်အစိုးရလက်ထက် တနင်္သာရီတိုင်းမှာတော့ စစ်တပ်ရဲ့ ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဦးခင်ဇော် နဲ့ ဦးမြတ်ကိုတို့က တလှည့်စီတာဝန်ယူခဲ့ပါတယ်။ သူတို့ဟာ မြို့တော်ခန်းမအဟောင်းနေရာအပါအဝင် အဲဒီနေရာပတ်ပတ်လည်က မြေ ၄ ဧကနီးပါးကို ဟိုတယ်လုပ်ငန်းအတွက်လို့ ဆိုပြီး ပုဂ္ဂလိက ကုမ္ပဏီ (Star Sapphire group)ကို အနှစ် ၃၀ ငှားရမ်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနစ်ကစလို့ လာမယ့် ၂၀၄၃ ခုနစ်အထိ နှစ် ၃၀ အတွက်ငှားရမ်းထားတာဖြစ်ပြီး စာချုပ်အရ ငှားရမ်းခကတော့ တစ်လကို မြန်မာငွေ ဆယ်သိန်းကျပ်သာကျသင့်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်နဲ့ မျက်နှာချင်းဆိုင်၊ ပန်းခြံတွေ နှစ်ရှည်သစ်ပင်ကြီးတွေနဲ့ စိမ်းစိုလှပနေတဲ့နေရာ၊ မြို့ရဲ့အလှဆုံးနေရာတွထဲကတစ်ခုဖြစ်တဲ့လမ်းပေါ်က အကျယ်အဝန်း ၄ ဧကနီးပါးရဲ့ မြေငှားရမ်းခဟာ မြန်မာငွေ ကျပ်ဆယ်သိန်းသာဖြစ်ပါတယ်။
အဲဒီမြေကို ငှားရမ်းပြီးနောက်မှာတော့ ကြယ်နီလာ (Star Sapphire group) ကုမ္ပဏီက မြို့တော်ခန်းမ နေရာကိုချန်ထားပြီး ပတ်ပတ်လည်ကို အဆောက်အအုံအသစ်တွေဆောက်လုပ်တာ၊ ခြံစည်းရိုးကာရန်တာနဲ့ ပြင်ဆင်တာတွေလုပ်ဆောင်ခဲ့ပြီး ဟိုတယ်ထားဝယ်ကို ဖွင့်လှစ်ထားတာပါ။
■ ဟိုတယ်ထားဝယ်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကစလို့ ရာထူးအကြီးပိုင်းတွေထားဝယ်ကိုလာရင် အဲဒီဟိုတယ်ထားဝယ်မှာပဲ တည်းခိုလေ့ရှိပါတယ်။ ထားဝယ်မြို့မှာ လူသိများတဲ့ဟိုတယ်ထားဝယ်ဟာ စစ်ခေါင်းဆောင်တွေအတွက် လုံခြုံ၊ စိတ်ချတဲ့နေရာဖြစ်နေတာပါ။
ဟိုတယ်ထားဝယ်ကိုပိုင်တဲ့ ကြယ်နီလာ (Star Sapphire group)ကုမ္ပဏီဟာ ဓာတ်အားပေးစက်ရုံ တည်ဆောက်တာ၊ ရောင်းဝယ်ရေး၊ စွမ်းအင်လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း စတဲ့လုပ်ငန်းတွေအများအပြားကို လုပ်ကိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
အဲဒီကုမ္ပဏီကို တည်ထောင်သူကတော့ စစ်ခေါင်းဆောင်နဲ့ ပုဂ္ဂိုလ်ရေးအရရင်းနှီးတဲ့ စစ်ခေါင်းဆောင်ရဲ့လူယုံတော် လက်နက်ပွဲစား ဦးထွန်းမင်းလတ်ပါပဲ။
ဦးထွန်းမင်းလတ်ပိုင်ဆိုင်တဲ့ ဟိုတယ်ထားဝယ်ဟာ မြို့တော်ခန်းမမြေနေရာကို အသုံးပြုမယ်ဆိုရင် အခြားနေရာတစ်ခုမှာ မြို့တော်ခန်းမအသစ်တစ်ခုကို ဟိုတယ်ဘက်မှ အစားထိုးဆောက်လုပ်ပေးရမယ်လို့ ငှားရမ်းခဲ့တဲ့ စာချုပ်မှာပါရှိပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်က ထားဝယ်ကို လာရောက်ခဲ့တဲ့ခရီးစဥ်အတွင်း မြို့တော်ခန်းမ လိုအပ်ချက်ရှိတာကို တွေ့ရတာကြောင့် အဆောက်အအုံအသစ်ဆောက်လုပ်နိုင်ရေး ဆောင်ရွက်စေခဲ့တယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အခုချိန်မှာတော့ ဟိုတယ်ထားဝယ်ဘက်က ငွေကြေးတပြားတချပ်မှ ကုန်ကျခံစရာမလိုဘဲ မြို့တော်ခန်းမအသစ်ကြီးကို စစ်ခေါင်းဆောင်က ပြည်သူ့ပိုက်ဆံနဲ့ ဆောက်လုပ်ပေးခဲ့ပြီဖြစ်ပါတယ်။
■ မင်းအောင်လှိုင်ရဲ့လူယုံ ထွန်းမင်းလတ်
ကြယ်နီလာကုမ္ပဏီတည်ထောင်သူ ဟိုတယ်ထားဝယ်ပိုင်ရှင် ဦးထွန်းမင်းလတ်ဟာ စစ်ခေါင်းဆောင်ရဲ့ လူယုံနီးစပ်သူ ဖြစ်ရုံမက နာမည်ဆိုးနဲ့ကျော်ဇောသူလည်းဖြစ်ပါတယ်။ သူဟာ စစ်တပ်ပိုင်ကာစီနိုလုပ်ငန်းကို ပူးတွဲပိုင်ဆိုင်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ငွေကြေးခဝါချမှုကို ကျူးလွန်နေသလို စစ်အုပ်စုအတွက် စစ်လက်နက်ဝယ်ယူပေးနေတဲ့ လက်နက်ပွဲစားဖြစ်တယ်လို့ မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူအဖွဲ့ Justice for Myanmar က ထုတ်ဖော်ထားပါတယ်။
တရုတ်စစ်လက်နက်ကုမ္ပဏီ NORINCO နဲ့ အစ္စရေး နာမည်ကြီး ထိပ်တန်းစစ်လက်နက်ကုမ္ပဏီတွေဆီကနေ စစ်အုပ်စုအတွက် လက်နက်ဝယ်ယူမှုတွေမှာ သူဟာပွဲစားအဖြစ် လုပ်ကိုင်ပေးခဲ့တယ်လို့ Justice for Myanmar က ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာလကတော့ မူးယစ်ဆေးဝါးရောင်းချပြီး ငွေကြေးခဝါချမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းရဲတွေက ပိုင်ဆိုင်မှုတချို့ကို သိမ်းယူပြီး ဦးထွန်းမင်းလတ်ကို ဖမ်းဆီးခဲ့ပေမဲ့ ၂၀၂၄ ခုနစ် အစပိုင်းမှာတော့ သက်သေမခိုင်လုံတာကြေင့် ထိုင်းတရားရုံးကတရားသေပြန်လွှတ်လိုက်ပါတယ်။
သူဖမ်းဆီးခံထားရချိန် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဦးထွန်းမင်းလတ်ကို ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ ဒရုန်းတွေနဲ့ လေယာဉ်စက်ပစ္စည်း အစိတ်အပိုင်းတွေ အပါအဝင် စစ်လက်နက်ပစ္စည်းတွေ တင်ပို့ဖို့အတွက် သူ့ရဲ့ ကုမ္ပဏီကို အသုံးချခဲ့သလို လက်နက်ပွဲစားအဖြစ်လုပ်ကိုင်ခဲ့သူ ဖြစ်တယ်လို့လည်း အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။
■ မြို့တော်ခန်းမအဟောင်း
လက်ရှိ လက်နက်ပွဲစား ဦးထွန်းမင်းလတ်လက်ထဲကိုရောက်ရှိသွားတဲ့ မြို့တော်ခန်းမနေရာအ ဟောင်းဟာ NLD အစိုးရလက်ထက်က အစိုးရကျင်းပတဲ့ပွဲတွေနဲ့ လူထုတွေ့ဆုံပွဲတွေအပြင် ကျောင်းသားသမဂ္ဂအဖွဲ့တွေက ဦးဆောင်ပြီး ဆဲဗင်းဂျူလိုင်(7 July)အောင့်မေ့ဖွယ်အခမ်းအနားအထိ ကျင်းပခဲ့တဲ့နေရာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရနဲ့မဆိုင်တဲ့ အထိမ်းအမှတ်အခမ်းအနားတွေ၊ ဆွေးနွေးပွဲတွေအပြင် ပန်းချီပြပွဲ၊ ဓာတ်ပုံပြပွဲနဲ့ ကုန်စည်ပြပွဲတွေအထိ ကျင်းပခွင့်ရခဲ့တဲ့နေရာပါ။
လက်ရှိမှာတော့ မြို့တော်ခန်းမအ ဟောင်းဟာ မူလအတိုင်းရှိနေပေမဲ့ မကြာခင်မှာ ဟိုတယ်ထားဝယ်က ဖြိုချပြီး ဟိုတယ်အဆောက်အအုံတွေ တိုးချဲ့ ဆောက်လုပ်လာနိုင်တယ်လို့ သုံးသပ်သူတွေရှိနေပါတယ်။ တချို့ကလည်း မြို့တော်ခန်းမ ဟောင်း ကိုပဲ ဟိုတယ်ထားဝယ်ဘက်က ပြင်ဆင်ပြီး ဟိုတယ်လုပ်ငန်းအတွက် အသုံးပြုနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
■ သွေးစွန်းနေတဲ့ ခန်းမအသစ်
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ခန်းမအသစ်ကိုဖွင့်ပြီးပြီးချင်း တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ထားဝယ်ခရိုင်အတွင်းက စီမံကိန်းတွေအကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်က မြို့တော်ခန်းမအသစ်ဖွင့်လှစ်တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ဟာ ၁၉၈၈ ခုနစ်မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)က အာဏာသိမ်းကြောင်းကြေညာခဲ့တဲ့ နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။
သမိုင်းဖြစ်ရပ်ဆိုးတွေရှိခဲ့ တဲ့နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ မြို့တော်ခန်းမအသစ်ရှိရာ ဗထူးပန်းခြံမြေနေရာဟာလည်း နွေဦးတော်လှန်ရေးမှာ သွေးမြေကျထားတဲ့နေရာဖြစ်ပါတယ်။ ဗထူးပန်းခြံထဲက တန်းလျှားတွေကို မင်းအောင်လှိုင်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကြောရေးအခန်းတွေအဖြစ် အသုံးပြုခဲ့ပါတယ်။
အဲဒီစစ်ကြောရေးအခန်းတွေထဲမှာ ဆိုးဆိုးရွားရွား နှိပ်စက်ညှင်းပန်းခံရတဲ့ လူကြီး၊ လူငယ်၊ အမျိုးသမီး၊ အမျိုးသားတွေ အများအပြားရှိသလို စစ်ကြောရေးမှ ာသေဆုံးပြီး အလောင်းပြန်မရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် မြို့တော်ခန်းမဖွင့်ပွဲကို စစ်ခေါင်းဆောင်လာဖို့အတွက် စက်တင်ဘာလ ၁၇ ရက်နေ့က ထားဝယ်ခရိုင်ထဲက လူနေကျေးရွာတွေကို စစ်တပ်က Y-12 လေယာဥ်တွေနဲ့ တစ်နေ့ကုန် ဗုံးကြဲခဲ့တာပါ။ အဲဒီဗုံးတွေကြောင့် လောင်းလုံးမြို့နယ်က အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့သလို ကလေးငယ်တွေအပါအဝင် လေးဦးထက်မနည်း ဒဏ်ရာတွေရခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနေ့မှာပဲ နယ်မြေရှင်းလင်းတဲ့ စစ်တပ်စစ်ကြောင်းကြောင့် နောက်ထပ် လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။
မြိုတော်ရဲ့ ပြယုဒ်ဖြစ်ရမယ့် မြို့တော်ခန်းမကို စစ်အုပ်စုက ပြည်သူတွေရဲ့ သွေးစွန်းနေတဲ့မြို့တော်ခန်းမတစ်ခုအဖြစ် ထုဆစ်ခဲ့ပေမဲ့ လူထုနဲ့နီးစပ်ခဲ့ဖူးတဲ့ မြို့တော်ခန်းမအဟောင်းရဲ့အနာဂတ်ကတော့ လက်ရှိမှာမရေရာတဲ့အခြေအနေကို ရောက်နေပြီပဲဖြစ်ပါတယ်။
The Tanintharyi Times
