လောင်းလုံးမြို့ပေါ်မှာ အိမ်ထောင်စုစာရင်းတောင်းယူစစ်ဆေးတာတွေ စစ်ကောင်စီပြုလုပ်နေ
လောင်းလုံးမြို့ပေါ်မှာ အိမ်ထောင်စုစာရင်းတောင်းယူစစ်ဆေးတာတွေ စစ်ကောင်စီပြုလုပ်နေ

အိမ်ထောင်စုစာရင်း တောင်းယူတာနဲ့ မေးမြန်း၊ စစ်ဆေးတာတွေကို လောင်းလုံးမြို့ပေါ်က ရပ်ကွက်တွေမှာ စစ်ကောင်စီက လိုက်လံ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြော ပါတယ်။
” အိမ်ထောင်စုစာရင်း တောင်းတယ်။ အိမ်မှာဘယ်သူတွေရှိလဲဆိုတာ မေးတယ်။ သေဆုံးစာရင်း မေးတယ်။ ပြီးတော့ မိတ္တူကိုယူသွားတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့မပြောဘူး” လို့ စစ်ဆေးခံရဖူးတဲ့ မြို့ခံတစ်ဦးက ပြောပြပါတယ်။
အချို့ရပ်ကွက်တွေမှာတော့ စစ်ကောင်စီလက်အောက်ခံရဲတွေ၊ အုပ်ချုပ်ရေးမှုးတွေနဲ့ ရုံးအဖွဲ့ဝင်တွေက တအိမ်တက်ဆင်း မေးမြန်းစစ်ဆေးချိန်မှာ နေအိမ်တွေအထဲ ဝင်ရောက်တာမျိုးလည်း လုပ်ဆောင်တာ ရှိတယ်လို့ သိရပါတယ်။
မြို့ခံတွေကတော့ စစ်ကောင်စီကစီစဥ်နေတဲ့ ရွေးကောင်ပွဲမဲစာရင်းအတွက် အခုလိုစာရင်းလိုက်ကောက်နေတာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
တချို့ရပ်ကွက်တွေမှာတော့ နေအိမ်တွေစစ်ဆေးတာမရှိပဲ ရပ်ကွက်ရုံးကို အိမ်ထောင်စုစာရင်းမိတ္တူစာရွက် လာပေးဖို့တောင်းယူတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၅ရက်လောက်ကစပြီး လောင်းလုံးမြို့ပေါ်ရပ်ကွက်လေးခုဖြစ်တဲ့ က၊ ခ၊ ဂ နဲ့ ဃ ရပ်ကွက်တွေမှာသာ အခုလို လိုက်လံစစ်ဆေးတာ၊ ကောက်ခံတာတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ဆေးတာပြီးဆုံးသွားပြီလို့သိရပါတယ်။
လောင်းလုံးမြို့နယ်အတွင်းက တခြားကျေးရွာတွေမှတော့ လက်ရှိအချိန်ထိ စစ်ဆေးတာတွေမရှိသေးဘူးလို့ ဒေသခံတွေကပြောကြပါတယ်။
The Tanintharyi Times