ခမောက်ကြီးမြို့က ရွာနှစ်ရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ အထိုင်ချတပ်စွဲထား၊ ဒေသခံတွေ ကြိုတင်ပြီး စစ်ဘေးရှောင်နေရ
ခမောက်ကြီးမြို့က ရွာနှစ်ရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ အထိုင်ချတပ်စွဲထား၊ ဒေသခံတွေ ကြိုတင်ပြီး စစ်ဘေးရှောင်နေရ

စစ်ကောင်စီတပ်သား အင်အား ၈၀ လောက်ဟာ ခမောက်ကြီးမြို့က ရွာနှစ်ရွာမှာ လက်နက်ကြီးတွေနဲ့ အတူ စခန်းချတပ်စွဲဖို့ ရောက်လာလို့ ဒေသခံအချို့ လုံခြုံရေးအရ နေအိမ်ကနေ ရှောင်တိမ်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က မွန်းလွဲ ၁ နာရီလောက်မှာ တပ်ကားအကြီး ၂စီး၊ တပ်ကားငယ် ၂စီးနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောင်သာယာရွာကို လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီနောက် ကပ်ရပ်ရွာဖြစ်တဲ့ အေးမြသာယာရွာက ဘုန်းကြီးကျောင်းနဲ့ ရေလယ်ကျွန်းရွာက ဘုန်းကြီးကျောင်းတွေမှာ ၁၂၀ မမ၊ ၈၁ မမ စိန်ပြောင်း လက်နက်ကြီးတွေကို အထိုင်ချ တပ်စွဲထားတယ်လို့ သိရပါတယ်။
“ခမောက်ကြီးဘက်ကနေ ဝိုင်ဒင်းဘက်သွားမယ်ဆိုရင် ရေလယ်ကျွန်းကို မဖြစ်မနေဖြတ်ရတာ။ အဲနေရာက ဟိုဘက်ဒီဘက် အားလုံးမြင်တယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အေးမြသာယာရွာနဲ့ အောင်သာယာရွာဟာ တစ်မိုင်ခန့်သာဝေးတဲ့ ရွာတွေဖြစ်ပါတယ်။ စစ်ကြောင်းဝင်ရောက်လာပြီးနောက်မှာ အောင်သာယာရွာနဲ့ အေးမြသာယာရွာက ဒေသခံ ၃၀ လောက် ကို ဝိုင်ဒင်းကျေးရွာဘက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ဝိုင်ဒင်းဘက်မှာက စကစ ယာယီကင်းစခန်းတွေလိုမျိုးရှိတယ်။ အဲဒီကိုသွားဖို့ ရွာသားတွေကိုလူသားဒိုင်းကာအနေနဲ့ ခေါ်သွားတဲ့သဘော။ ပစ္စည်းတွေသယ်ခိုင်းထမ်းခိုင်းတာလည်းမရှိဘူး။ ဒီတိုင်းခေါ်သွားတာ။” လို့ ဒေသခံအမျိုးသားနောက်ထပ်တစ်ဦးက ပြောပြပါတယ်။
ဖမ်းဆီးသွားတဲ့ဒေသခံ ၃၀ ကျော်ကို အဲဒီနေ့ ညနေ ၆ နာရီလောက်မှပဲပြန်လွှတ်ပေးလိုက်တာကြောင့် ရွာကိုလမ်းလျှောက်ပြီးပြန်လာခဲ့ကြရတယ်လို့ သိရပါတယ်။
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့က မာရမ်းဒေသ၊ ပါကလပ်ဒေသ၊ အေးသာယာရွာ၊ အေးမြသာယာရွာ၊ ဝိုင်ဒင်းရွာတွေဘက်မှာ စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အခုလို စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် ဒေသခံတချို့ကတော့ ထိုင်းဘက်ကို ကြိုတင်တိမ်းရှောင်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရွာတွေမှာ စခန်းချ၊ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခမောက်ကြီးမြို့ အခြေစိုက် အမှတ်(၂၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်းတွေ ဖြစ်တဲ့ ခမရ (၂၆၂)၊ ခမရ(၃၄၁)နဲ့ ခမရ(၃၄၂) တပ်တွေက ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတတိယအပတ်ကလည်း ခမောက်ကြီးရွာက စစ်ကောင်စီသတင်းပေးဆိုသူနှစ်ဦးဖမ်းဆီး၊ အသတ်ခံရပြီးနောက် ခမောက်ငယ်ရွာ၊ ချောင်းဝရွာ၊ မလိဝမ်းရွာတွေထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
The Tanintharyi Times