ကျိုင်းတုံမှာ ပြည့်တန်ဆာလုပ်ဖို့ လူကုန်ကူးခံရတဲ့ ထိုင်းအမျိုးသမီး ခြောက်ယောက်ကို ဝ တပ်ဖွဲ့ ကယ်ထုတ်

ကျိုင်းတုံမှာ ပြည့်တန်ဆာလုပ်ဖို့ လူကုန်ကူးခံရတဲ့ ထိုင်းအမျိုးသမီး ခြောက်ယောက်ကို ဝ တပ်ဖွဲ့ ကယ်ထုတ်

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်မှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ဖို့ လူကုန်ကူးသမားတွေရဲ့ ဖိအားပေး ခိုင်းစေခံရတဲ့ ထိုင်းအမျိုးသမီး ခြောက်ယောက်ကို ‘ဝ’ တပ်ဖွဲ့ (UWSA) က ကယ်ထုတ်ပြီး ထိုင်းနိုင်ငံကို ပြန်ပို့ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည့်တန်ဆာအဖြစ် ဖိအားပေး စေခိုင်းခံနေရကြောင်းနဲ့ ကူညီကယ်ဆယ်ပေးဖို့ ဆိုရှယ်မီဒီယာမှာ ဗီဒီယိုတွေတင်ပြီး အကူအညီတောင်းခဲ့လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၊ အဲဒီကနေတစ်ဆင့် မြန်မာအစိုးရ၊ ‘ဝ’ တပ်ဖွဲ့ အဆင့်ဆင့် ဆက်သွယ်ပြီးနောက် ‘ဝ’ တပ်ဖွဲ့ဝင်တွေက ကျိုင်းတုံမြို့နယ်မှာရှိတဲ့ ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်း ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

‘ဝ’ တပ်ဖွဲ့ရဲ့ ကူညီကယ်ဆယ်မှုနဲ့ လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသူ ခြောက်ဦးကို မယ်ဆိုင်မြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှာ စောင့်ဆိုင်းပြီး ပြန်လည်ခေါ်ဆောင်ခဲ့ပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၂၁ နှစ်ကနေ ၃၃ နှစ်အရွယ်ကြားမှာ ရှိတဲ့ အဲဒီအမျိုးသမီးခြောက်ယောက်ဟာ ရှမ်းပြည်နယ်၊ မိုင်းလားမှာရှိတဲ့ ဖျော်ဖြေရေးလုပ်ငန်းတစ်ခုမှာ တစ်လ ဘတ်ခြောက်သိန်းနဲ့ အလုပ်ရမယ်ဆိုလို့ ဘန်ကောက်ကနေ ချင်းရိုင်ကို ဇွန်လ ၂၈ ရက်မှာ ကားနဲ့ထွက်လာပြီး နောက်ရက်မှာ တာချီလိတ်ဘက်ကို တရားမဝင် ဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

ကျိုင်းတုံမြို့နယ်ကို ရောက်ချိန်မှာတော့ ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေး ခိုင်းစေခံရပြီး ပြန်ချင်တယ်ဆိုရင် မိသားစုတွေကို ငွေနဲ့ပြန်ရွေးခိုင်းဖို့နဲ့ အဖွဲ့ထဲက ထွက်ပြေးသူရှိရင် ကျန်နေတဲ့သူတွေက ထွက်ပြေးသူအတွက်ပါ အကြွေးဆပ်ရမယ်လို့ လူကုန်ကူးသမားတွေက ပြောခဲ့ကြောင်း လွတ်မြောက်လာတဲ့ အမျိုးသမီးတွေက ထိုင်းရဲတပ်ဖွဲ့ကို ထွက်ဆိုပါတယ်။

အဲဒီအမျိုးသမီးခြောက်ယောက်ဟာ သူတို့သဘောဆန္ဒအလျောက် အလုပ်သွားရောက်လုပ်ကိုင်ခဲ့တာလား၊ ဒါမှမဟုတ် လိမ်လည်လှည့်ဖြားခံခဲ့ရတာလားဆိုတာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းနဲ့ သူတို့လွတ်မြောက်ဖို့ ကူညီပေးတဲ့ မြန်မာအာဏာပိုင်တွေကို ကျေးဇူးတင်ကြောင်း ထိုင်းရဲအရာရှိက ဆိုပါတယ်။

ကိုးကား – Thaiger

The Tanintharyi Times