ကိုကိုးကျွန်းမှာ တရုတ်ထောက်လှမ်းရေး စခန်းဆောက်လုပ်နေတယ်လို့ အိန္ဒိယစွပ်စွဲ၊ မြန်မာစစ်အုပ်စု ငြင်းဆို

ကိုကိုးကျွန်းမှာ တရုတ်ထောက်လှမ်းရေး စခန်းဆောက်လုပ်နေတယ်လို့ အိန္ဒိယစွပ်စွဲ၊ မြန်မာစစ်အုပ်စု ငြင်းဆို

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာပိုင် ကိုကိုးကျွန်းမှာ တရုတ်ထောက်လှမ်းရေးစခန်းတစ်ခု ဆောက်လုပ်နေကြောင်း သံသယ ဖြစ်စေတဲ့ ဂြိုလ်တုမှတ်တမ်းတွေနဲ့ အိန္ဒိယအာဏာပိုင်တွေက မြန်မာစစ်အုပ်စုကို အခိုင်အမာ စွပ်စွဲခဲ့ပါတယ်။

အိန္ဒိယ အစိုးရအဆင့် ပုဂ္ဂိုလ်တွေကြား မျှဝေကြည့်ရှုနေကြတဲ့ ဂြိုလ်တုဓာတ်ပုံတွေအရ တရုတ်အလုပ်သမားတွေဟာ အသံဖမ်း အဆောက်အဦးတစ်ခုကို တည်ဆောက်နေရာမှာ ပါဝင်လုပ်ဆောင်နေကြဟန် တွေ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေယဥ်ကွင်းတစ်ခုကို တိုးချဲ့နေပုံတွေလည်း မြင်တွေ့ရတယ်လို့ ပြောပါတယ်။

အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံ တွေ့ဆုံပွဲတွေမှာ မြန်မာစစ်အုပ်စု ကိုယ်စားလှယ်တွေက တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေကို ငြင်းဆိုခဲ့ပြီး အိန္ဒိယရဲ့ စိုးရိမ်ပူပန်နေတဲ့ ကိစ္စရပ်တွေ မရှိကြောင်း ငြင်းဆန်နေပေမဲ့ အိန္ဒိယအနေနဲ့ အဆိုပါ အဆောက်အဦးဟာ တရုတ်ကို ရေတပ် အခြေစိုက်စခန်းတွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို စောင့်ကြည့်ဖို့နဲ့ အရှေ့ဘက် ကမ်းရိုးတန်းတလျှောက် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေကို ခြေရာခံဖို့ လွယ်လင့်တကူ ဖြစ်စေမှာ စိုးရိမ်နေကြပါတယ်။

မြန်မာစစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်းက ကိုကိုးကျွန်းမှာ တရုတ်က သူလျှိုစခန်းတစ်ခု တည်ဆောက်နေတယ် ဆိုတဲ့ စွပ်စွဲချက်ဟာ အဓိပ္ပါယ်မဲ့ပြီး နိုင်ငံခြားစစ်အခြေစိုက်စခန်းတစ်ခုကို ဘယ်တော့မှ မြန်မာ့နယ်နိမိတ်အတွင်း ဝင်ရောက်ခွင့် ပြုမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr Arindam Bagchi က အိန္ဒိယအနေနဲ့ မိမိတို့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုမှန်သမျှ အစိုးရက အမြဲမပြတ် စောင့်ကြည့်နေပါတယ်” လို့ သူက ပြောပါတယ်။

အခုပတ် အစောပိုင်းက မြန်မာစစ်အစိုးရ ဝန်ကြီးအချို့နဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်သံအမတ်ကြီး Chen Hai ကတော့ အဆိုပါကိစ္စအပေါ် မှတ်ချက်ပေးဖို့ The Straits Times သတင်းဌာနရဲ့ တောင်းဆိုချက်ကို တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အဆိုပါမေးခွန်းတွေကို ဖြေကြားပေးခြင်း မရှိသေးပေ။

တရုတ်နဲ့ အိန္ဒိယ အကြား စစ်ရေးတင်းမာမှုတွေဟာ ၂၀၂၀ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်လာတာ ဖြစ်ပြီး ဟိမဝန္တာနယ်စပ်မှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ အစိုးရက အိန္ဒိယရှိ တရုတ်အက်ပ်တွေကို ကန့်သတ်ဖို့နဲ့ တရုတ်မှာ သွားရောက်လုပ်ကိုင်လိုသူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်တွေကို မသွားဖို့ စည်းရုံးပြောဆိုတာတွေလုပ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ၁၉၉၀ ခုနှစ်တွေကတည်းက တရုတ်ပိုင် ကျွန်းစုအချက်ပြ ထောက်လှမ်းရေး အဆောက်အအုံ ဆောက်လုပ်ဖို့ ခွင့် ပြုထားတယ်ဆိုတဲ့ အစီရင်ခံစာတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

လန်ဒန်အခြေစိုက် မူဝါဒ သုတေသနအဖွဲ့ Chatham House က မြန်မာနိုင်ငံဟာ ကိုကိုးကျွန်းမှာ စစ်ရေး အခြေပြု ဒေသတွင်း ရေကြောင်းစောင့်ကြည့်ထောက်လှမ်းရေးတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကလည်း ပြီးခဲ့တဲ့ အပတ်အတွင်း လူအများအာရုံစိုက်မှု ရခဲ့ပါသေးတယ်။

တရုတ်နိုင်ငံဟာ ကိုကိုးကျွန်းမှာ ပေါ်တင်ထိုးစစ်ဆင်နိုင်တဲ့ စစ်ရေးစွမ်းရည်မရှိဘူးလို့ အိန္ဒိယက အကဲဖြတ်ထားပေမဲ့ အိန္ဒိယ သမုဒ္ဒရာအတွင်း လျှို့ဝှက်ထောက်လှမ်းရေးအတွက် အသုံးပြုတဲ့ တရုတ် သုတေသနသင်္ဘာတွေဟာ အခြားသူတွေ သံသယမဝင်စေရေးအတွက် ကိုကိုးကျွန်းမှာ ဆိုက်ကပ်ဖူးခြင်းတောင် မရှိကြောင်း အိန္ဒိယ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

တရုတ် လုပ်သားတွေဟာ ကျွန်းပေါ် က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ စက်ကိရိယာတွေ မကြာခဏ လာရောက်တပ်ဆင်တတ်ပေမဲ့ တရုတ်ပိုင် အဖွဲ့အစည်းတွေဟာ ကျွန်းတွေပေါ်မှာ အမြဲတမ်း တပ်စွဲထားတာမျိုး လုပ်လေ့မရှိဘူးလို့ ဆိုကြပါတယ်။

အဲဒီလိုလျှို့ဝှက်စခန်းတည်ဆောက်ဖို့ တရုတ်ရဲ့လုပ်ရပ်ကို ခွင့်မပြုဖို့ အိန္ဒိယအနေနဲ့ မြန်မာစစ်အုပ်စုကို ဆက်လက်ဖိအားပေးဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်နဲ့ ဥရောပတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားမှာ စစ်အုပ်စုက ပေကျင်းအပေါ် စီးပွားရေးအရ ပိုမို မှီခိုလာတာကို မြင်နေရတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာ့အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး မလက္ကာရေလက်ကြားကို ဖြတ်ကျော်ဖို့အတွက် အရှေ့တောင် အာရှနိုင်ငံတွေရဲ့ ဆိပ်ကမ်းတွေနဲ့ စွမ်းအင်ပိုက်လိုင်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

Ref: The Straits Times

The Tanintharyi Times