ရှမ်းမြောက်ရှိ မိုင်းရယ်မှာ ကျားဖြန့်ငွေလိမ်သူ ၈၀ ကျော်ကို ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

ရှမ်းမြောက်ရှိ မိုင်းရယ်မှာ ကျားဖြန့်ငွေလိမ်သူ ၈၀ ကျော်ကို ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူတွေကို ဖမ်းမိတဲ့အကြောင်း မှတ်တမ်းဓာတ်ပုံနဲ့တကွ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ ထုတ်ပြန်ထားတာပါ။

တရုတ်နိုင်ငံသား ၂၉ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၃၄ ဦး ကျားဖြန့်လုပ်ကိုင်သူ စုစုပေါင်း ၈၁ ဦးကို ဖမ်းဆီးရမိပြီး ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က မိုင်းရယ်မြို့ အရှေ့တောင်ဘက်မှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကျားဖြန့်လုံခြုံရေးအဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကျားဖြန့်လုံခြုံရေးအဖွဲ့ ၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအပြင် ကျားဖြန့်လုံခြုံရေး ၅ ဦးနဲ့ တရုတ်နိုင်ငံသား ၈ ဦး၊ မြန်မာနိုင်ငံသား ၇ ဦးတို့ကို လက်နက် ၆ လက်နဲ့ အတူ စစ်ကောင်စီဘက်က ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီသတင်းစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် နောင်ဟန်ကျေးရွာအနီး ကျားဖြန့်လုပ်ကိုင်နေတဲ့နေရာမှာ ဖုန်းမျိုးစုံ ၁၈၁ လုံး၊ လက်တော့ပ် ၂၅ လုံး၊ ကွန်ပျူတာ ၂၁ လုံး၊ ဝိုင်ဖိုင်စက်၊ Starlink စက်၊ သေနတ် တစ်လက်နဲ့ ဆက်စက်ပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၆ ရက်မှာ မိုင်းဟဒေသ နောင်ဟန်ကျေးရွာတဝိုက်မှာပဲ တရုတ်နိုင်ငံသား ၉ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦးနဲ့အတူ ကွန်ပျူတာ ၇၂ လုံး၊ ဖုန်း ၇၉ လုံး၊ Starlink စက် ၅ စုံ၊ မော်တော်ယာဉ် ၂ စီးနဲ့ ဂိမ်းစက် ၅ လုံးတို့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

�ဖေဖော်ဝါရီ ၇ ရက်မှာတော့ နေရာတဝိုက်မှာပဲ တရုတ်နိုင်ငံသား ၁၂ ဦးနဲ့အတူ Alphard မော်တော်ယာဉ် တစ်စီး ထပ်မံဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ အွန်လိုင်းလောင်းကစား ငွေလိမ်လုပ်ငန်းကို ပူးပေါင်းအဖွဲ့တွေနဲ့ ဖော်ထုတ်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပေမယ့် ဘယ်အဖွဲ့အစည်းနဲ့ ပူးပေါင်းခဲ့သလဲဆိုတာကိုတော့ မထုတ်ပြန်ထားပါဘူး။

ရှမ်းပြည်နယ် အရှေ့မြောက်၊ အရှေ့ဘက်တွေမှာ ကျားဖြန့်နဲ့ ပတ်သက်တဲ့ ဒုစရိုက်လုပ်ငန်းတွေကို စစ်ဆင်ရေးတရပ်သဖွယ် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး ရွှေကုက္ကိုနဲ့ KK Park နယ်မြေကနေ လူကုန်ကူးခံရသူ တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှား နိုင်ငံသား ၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၆၁ ဦးကို ဖေဖော်ဝါရီ ၆ ရက်မှာ ထိုင်းနိုင်ငံအစိုးရဆီ လွှဲပြောင်းပေးပို့ခဲ့တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ပြောဆိုချက်အရ သိရပါတယ်။

The Tanintharyi Times