ထားဝယ်မြို့ပေါ်က အစ္စလာမ်သုဿာန်ဟောင်းကို စစ်တပ်သိမ်းယူ

ထားဝယ်မြို့ပေါ်က အစ္စလာမ်သုဿာန်ဟောင်းကို စစ်တပ်သိမ်းယူ

ပုံစာ - စစ်တပ်သိမ်းယူလိုက်တဲ့ အစ္စလာမ်သုဿာန်ဟောင်း။

ထားဝယ်မြို့ပေါ်က အစ္စလာမ်သုသာန် (အစ္စလာမ့်ဥယျာဥ်တော်)အဟောင်းကို စစ်တပ်က ပြီးခဲ့တဲ့လကုန်ပိုင်းမှာ သိမ်းယူလိုက်ပြီး အစိုးရပိုင်မြေလို့စာကပ်ကာ အုတ်တံတိုင်းကာရံနေတယ်လို့ မြို့ခံတွေဆီကသိပါတယ်။

အဲဒီသုသာန်နေရာဟာ အလျှားပေ ၅၀၀ခန့် ၊ အနံ ပေ ၃၀၀ ခန့်ရှိတဲ့ မြေနေရာဖြစ်ပြီး ဆန်းချီရပ်ကွက်၊ ကမြောကင်းလမ်းပေါ်က အချက်အချာကျတဲ့ နေရာမှာရှိနေတာပါ။

မြို့ဧရိယာကျယ်လာပြီး သုဿာန်အနီး လူနေအိမ်တွေများလာတာကြောင့် စစ်ခေါင်းဆောင်ဟောင်း သန်း‌ရွှေလက်ထက် ၂၀၀၆ ခုနစ်က အဲဒီသုဿာန်ကို မြေမြှုပ်သင်္ဂြိုဟ်ခွင့်ပိတ်ခဲ့တာပါ။ အဲဒီနောက် မြို့အပြင်ဘက်က ဇဟာကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေအတွက် အစားထိုး သုဿာန်အဖြစ်နေရာချပေးထားတာ ဖြစ်ပါတယ်။

၁၉ နှစ်အကြာ လက်ရှိမှာတော့ အဲဒီသုဿာန်ဟောင်းနေရာမှာ အစိုးရပိုင်မြေလို့ ဆိုင်းပုဒ်ထောင်ပြီး ပတ်ပတ်လည်ကိုအုတ်တံတိုင်းကာရံနေသလို သုဿာန်အတွင်းက အဆောင်အအုံတွေနဲ့ အုတ်ဂူတချို့ကိုလည်းဖျက်ဆီးထားတယ်လို့ အစ္စလာမ်အသိုင်းအဝိုင်းက ဆိုပါတယ်။

“တံခါးကိုနှစ်ဖက်စလုံးဖြိုပြီး အုတ်တံတိုင်းအမြင့်ကြီးတွေကာနေတာ။ မြှုပ်ခွင့်မရှိတော့‌ပေမဲ့ ဒါအစိုးရပိုင်မဟုတ်ဘူး။ အခုကမတရားသိမ်းလိုက်တာပဲ။ သူတို့ဒီနေ့မှာ လုပ်ချင်သလိုလုပ်တော့မှာ” လို့ ထားဝယ်မြို့ခံ အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီသုဿာန်ဟောင်းနေရာမှာ စစ်သားတွေနေထိုင်တဲ့အဆောက်အအုံနဲ့ စစ်အစိုးရရဲ့ ရုံးတွေဆောက်လုပ်မယ်လို့ သတင်းကြား‌ရကြောင်း မြို့ခံတွေကဆိုပါတယ်။

ထားဝယ်မြို့ခံ အစ္စလာမ်ဘာသာဝင်တွေကတော့ အဲဒီနေရာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲကာလ ကတည်းကတည်ရှိခဲ့တဲ့ ထားဝယ်မူဆလင်မ်တွေရဲ့ ပထမဆုံး ရှေးဟောင်းသမိုင်းဝင် သုဿာန်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြေနေရာပိုင်ဆိုင်မှုစာချုပ်အထောက်အထားတွေရှိပြီးသား ပုဂ္ဂလိကပိုင်မြေဖြစ်တာကြောင့် အခုလိုလုပ်ဆောင်တာကို လက်မခံနိုင်ကြောင်းဆိုပါတယ်။

“ဒီနေရာမြေအောက်မှာ ကျနော်တို့ရဲ့ အဖိုးအဖွားတွေရှိတယ်။ ဒီလိုလုပ်တာတော့ ဘယ်သူမှမကျေနပ်ဘူးပေါ့။ ဒီနေရာကိုပြန်လိုချင်တာပေါ့။ ဘယ်သူမှသဘောမတူဘူး” လို့ ထားဝယ်မြို့ခံ အစ္စလာမ်ဘာသာရေးဆရာ တစ်ဦးက ပြောပါတယ်။

၂၀၀၆ ခုနစ် သုဿာန်ပိတ်ပြီးနောက်ပိုင်းမှာလည်း အဲဒီနေရာကို သက်ကြီးရွယ်အိုတွေအတွက် လူအိုရိပ်သာနဲ့ ကုသိုလ်ဖြစ်ဆေးရုံတွေဆောက်လုပ်ဖို့ အစ္စလာမ်ဘာသာဝင်တွေက အစိုးရတွေဆီမှာ လျှောက်ထားခဲ့ပေမဲ့ ခွင့်ပြုချက်မရခဲ့ဘူးလို့ သိရပါတယ်။

အစ္စလာမ်ဘာသာမှာ ကွယ်လွန်သူတွေကို တွင်းထဲမှာမြေမြှုပ်သင်္ဂြိုဟ်တာဖြစ်လို့ မြှုပ်ထားတဲ့ကွယ်လွန်သူတွေဆီကို မိသားစုဝင်တွေကလာရောက်ပြီး ဘုရားစာရွတ်ဖတ်တာတွေလုပ်ဆောင်ရတယ်လို့လည်း ဘာသာဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

The Tanintharyi Times