ထိုင်းဘုရင်စနစ်ကိုကာကွယ်ဖို့ “Move Forward ပါတီဖျက်သိမ်းရုံမှတပါးအခြားမရှိဘူး” လို့ အခြေခံဥပဒေခုံရုံးပြော

ထိုင်းဘုရင်စနစ်ကိုကာကွယ်ဖို့ “Move Forward ပါတီဖျက်သိမ်းရုံမှတပါးအခြားမရှိဘူး” လို့ အခြေခံဥပဒေခုံရုံးပြော

Ref - ဘန်ကောက်ပို့စ်၊ ရိုက်တာ၊ Khaosod English Photo - Khaosod English

ပါတီဖျက်သိမ်းခံရတဲ့အပြင်ခေါင်းဆောင် ၁၁ ဦးကိုလည်းနိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်

ပြီးခဲ့တဲ့ နှစ်ကကျင်းပခဲ့တဲ့ ထိုင်း ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အများစုအနိုင်ရ ခဲ့တဲ့ Move Forward ပါတီကို‌ ဖျက်သိမ်းဖို့ထိုင်း အခြေခံဥပဒေခုံရုံးအမိန့်ချလိုက်ပါတယ်။

Move Forward ပါတီ က ရွေးကောက်ပွဲမှာ ဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ တော်ဝင်အသရေဖျက်မှု ဥပဒေကို ပြင်ဆင်မယ်လို့ မဲဆွယ်စည်းရုံးခဲ့တာဟာ ထိုင်းအခြေခံ ဥပဒေကိုချိုးဖောက်လို့ဆိုကာ အခြေခံဥပဒေခုံရုံးကအခုလို အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

“ ဘုရင်စနစ်ကို ကာကွယ်ဖို့အတွက် Move Forward ပါတီကို ဖျက်သိမ်းရေး အမိန်ပေးရုံမှတပါး တခြားရွေးစရာနည်းလမ်းမရှိဘူး” လို့ ဖွဲ့စည်းပုံခြေခံဥပဒေ ခုံရုံးတာဝန်ရှိသူတစ်ဦးက ဩဂုတ်လ ၇ ရက်နေ့မှာပြုလုပ်တဲ့ ကြားနာပွဲ မှာပြောကြားခဲ့တာဖြစ်ပါတယ်။

Move Forward ပါတီ နဲ့ ပါတီခေါင်းဆောင်ဟောင်း ဖိတာ ဟာ ထိုင်းတော်ဝင်မိသားစုကို အကာကွယ်ပေးထားတဲ့ ဥပဒေ ကိုပြင်ဆင်ဖို့ ကြိုးစားတာ ဟာ ဘုရင်စနစ် ပြိုလဲသွားစေဖို့ ဦးတည်ကြောင်း အခြေခံ ဥပဒေခုံရုံး တာဝန်ရှိသူတွေ ကကြားနားပွဲအတွင်းပြောဆိုခဲ့ပါတယ်။

အခြေခံဥပဒေခုံရုံး ဟာ လူငယ်တွေ နဲ့ မြို့ပြမှာနေထိုင်တဲ့ ထိုင်းပြည်သူ အများအပြား က တခဲနက်မဲပေးခဲ့တဲ့ Move Forward ပါတီ ကိုဖျက်သိမ်းခဲ့တဲ့ အပြင် ပါတီခေါင်းဆောင်ဟောင်း ဖိတာ လင်ဂျာရိုရတ် နဲ့ လက်ရှိပါတီခေါင်းဆောင်လည်းဖြစ် ၊ အထွေထွေအတွင်းရေးမှူးဟောင်း လည်းဖြစ်တဲ့ ချိုင်းသဝပ် တူလာသွန် အပါအဝင် အမှုဆောင် ၁၁ ဦးကိုလည်း နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်လိုက်ပါတယ်။

အခြေခံ ဥပဒေခုံရုံးက အခုလို အမိန့်ချမှတ်ခဲ့တာကြောင့် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ Move Forward ပါတီ က လွှတ်တော်အမတ်တွေ ဟာ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီ တစ်ခု ပြန်လည်ထူထောင်တာ (သို့မဟုတ်) ပါတီသစ်ရှာဖွေတာ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာန က ဖော်ပြထားပါတယ်။

ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ပါတီသစ်မရှာဖွေနိုင်ပါက လွှတ်တော်အမတ် နေရာဆုံးရှုံး မှာဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

Move Forward ပါတီ ဟာအောက်လွှတ်တော်မှာ အမတ် ၁၄၃ ဦးထိ အနိုင်ရထားတာဖြစ်ပါတယ်။

Move Forward ပါတီဖျက်သိမ်းခံရတာ နဲ့ ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီဆင် က တော့ အခြေခံဥပဒေခုံရုံး ရဲ့ ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာရမှာဖြစ်ပြီး Move Forward ပါတီတာဝန်ရှိသူတွေ အနေနဲ့ ရှေ့ဆက်ရမယ့် နည်းလမ်းတွေ ရှာဖွေတွေ့ရှိမယ်လို့ ယုံကြည်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။

Move Forward ပါတီ ဘက်တော့ အခုကိစ္စ နဲ့ပတ်သက်ပြီးထုတ်ပြန်ပြောဆိုထာ မရှိသေးဘူး။

Move Forward ပါတီ ထောက်ခံသူတွေ ကတော့ ဒီကနေ့ညနေ ၆ နာရီအချိန် မှာ ဘန်ကောက်မြို့ မှာရှိတဲ့ပါတီဌာနချုပ်မှာ စုရုံးနေကြတယ်လို့လည်း ထိုင်း သတင်းတွေကဖော်ပြထားပါတယ်။

Move Forward ပါတီ ဟာ လူငယ်တွေ နဲ့ မြို့နေလူထုရဲ့ ထောက်ခံမဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ အပြတ် အသတ်နဲ့ အနိုင်ရရှိခဲ့ပြီး ပါတီခေါင်းဆောင် ဖိတာ လင်ဂျာရိုရတ် ဟာလည်း ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံရဖို့ ရေပန်းစားခဲ့ ပါတယ်။

သို့သော်လည်း ရွေးကောက်ခံ အမတ်တွေ က မီဒီယာကုမ္ပဏီတွေမှာ ရှယ်ယာပိုင်ဆိုင်ခွင့် မရှိဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် ဖိတာ လွှတ်တော်အမတ်အဖြစ်ကဆိုင်းငံ့ခဲ့ရပြီး ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲ နဲ့ လွဲခဲ့ရတာဖြစ် ပါတယ်။

Move Forward ပါတီ ခေါင်းဆောင်တွေတည်ထောင်ခဲ့တဲ့ Future Forward ပါတီကိုလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးရန်ပုံငွေ စည်းမျဉ်းတွေ ချိုးဖောက်တယ်လို့ စွပ်စွဲ ပြီး ထိုင်းရွေးကောက်ပွဲ ကော်မရှင် ၂၀၂၀ ခုနှစ်မှာ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

The Tanintharyi Times