ဖယ်ခုံမြို့နယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်သား ၁၁ဦးကျဆုံး

ဖယ်ခုံမြို့နယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်သား ၁၁ဦးကျဆုံး

ဓာတ်ပုံ - KNDF

ဖယ်ခုံမြို့နယ်တွင်း လွန်ခဲ့တဲ့ နှစ်ရက်က ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့အလစ်တိုက်ခိုက်မှုကြောင့် ပြည်သူကာကွယ်ရေးသား ၁၁ ဦး​ကျဆုံးခဲ့တယ်လို့ KNDFကထုတ်ပြန်ပါတယ်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟာ လွယ်ပတာစခန်းကုန်းသိမ်းပိုက်နိုင်ပြီး စစ်ကောင်စီဘက်က ၄၀ဦးခန့်ကျဆုံးခဲ့ကာ လက်နက်ကြီး၊လက်နက်ငယ် ၂၀ခန့်ကိုလည်းသိမ်းဆည်းရမိခဲ့ပြီးပြန်လည်ဆုတ်ခွာဖို့ ပြင်ဆင်နေချိန်မှာပဲ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

စစ်ကောင်စီရဲ့ သာလွန်အင်အား စစ်ကူ ၂၀၀ ခန့် ဟာ စခန်းကုန်းအနောက်ဖက်မှ ရုတ်တရက်ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

တပ်ကူစစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ခတ်တိုက်ခိုက်ခဲ့သလို ဖယ်ခုံမြို့ အခြေစိုက်စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေအလွန်အကျွံအသုံးပြုကာ ဆက်တိုက်ပစ်ခက်တိုက်ခိုက်ခံခဲ့တာကြောင့် အခုလိုအများအပြားကျဆုံးခဲ့တာလို့ ဆိုပါတယ်။

ပြန်လည်ဆုတ်ခွာတဲ့ လမ်းကြောင်းမှာလည်း ရန်သူရဲ့ ပစ်ကွင်းဖြစ်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးဘက်က ထိခိုက်ဒဏ်ရာရရှိတဲ့ ရဲဘော်တွေရှိခဲ့ပြီး သူတို့ကိုကယ်ထုတ်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရကြောင့် သိမ်းဆည်းရမိထားတဲ့ စခန်းကုန်းနဲ့ လက်နက်ခဲယမ်းအားလုံးနီးပါးကို စွန့်လွတ်ခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ခိုက်ခံရတာကြောင့် KNDF B-03 မှ ရဲဘော် ၈ ဦး ၊ KNDF B-11 မှရဲဘော် ၁ဦး ၊ ကရင်နီတပ်အတော်( KA) မှရဲဘော် ၁ဦးနဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF) မှရဲဘော် ၁ ဦးတို့ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၁ဦးရဲ့ ဈာပနအခမ်းအနားကို အကောင်းမွန်ဆုံး ကျင်းပပြုလုပ်ပေးခဲ့ပြီး ရဲရင့်စွာကျဆုံးခဲ့ရတဲ့ ရဲဘော် ၁၁ဦးကို အာဇာနည်သူရဲကောင်းတွေအဖြစ် KNDF မှ သမိုင်းမှတ်တမ်းတင် အလေးပြုတယ်လို့လည်းထုတ်ပြန်ထားပါတယ်။

The Tanintharyi Times