ထားဝယ်ဒေသခံတွေ ကျပ်သိန်းပေါင်းသောင်းနဲ့ချီထည့်ဝင်ထားတဲ့ ငွေကြေးအရောင်းအဝယ်အမည်ခံလုပ်ငန်းဦးဆောင်သူ ဒေါက်တာညီညီဆွေ ဖမ်းဆီးခံရတယ်လို့သတင်းထွက်
ထားဝယ်ဒေသခံတွေ ကျပ်သိန်းပေါင်းသောင်းနဲ့ချီထည့်ဝင်ထားတဲ့ ငွေကြေးအရောင်းအဝယ်အမည်ခံလုပ်ငန်းဦးဆောင်သူ ဒေါက်တာညီညီဆွေ ဖမ်းဆီးခံရတယ်လို့သတင်းထွက်

တကယ် ဖမ်းဆီးခံရတာမဟုတ်ဘဲ လိမ်လည်ထွက်ပြေးသွားတာလို့ ရှယ်ယာထည့်ဝင်ထားသူတွေပြော
အမြတ်ငွေ ၁၅ ရာခိုင်နှုန်းပေးမယ်ဆိုပြီး မက်လုံးပေးလုပ်ကိုင်နေတဲ့ နိုင်ငံတကာ ငွေကြေးအရောင်းအဝယ်အမည်ခံလုပ်ငန်း ဦးဆောင်သူ ဒေါက်တာညီညီဆွေနဲ့ ခေါင်းဆောင်တွေ အဖမ်းခံရတယ်လို့ ဦးဆောင်သူတွေဘက်က အသိပေးစာတွေဖြန့်ဝေလာပါတယ်။
Forex Exchange နိုင်ငံတကာ ငွေကြေးအ ရောင်းအဝယ် စျေးကွက်ကနေ လစဥ်ထည့်ဝင်ထားတဲ့ ပမာဏရဲ့ အမြတ်ငွေ ၁၅ ရာခိုင်နှုန်းရမယ်ဆိုတဲ့ ဒေါက်တာညီညီဆွေရဲ့ လုပ်ငန်းမှာ မြန်မာတစ်နိုင်ငံလုံးက လူအများအပြား ငွေကြေးထည့်ဝင်ထားကြတာပါ။
ထားဝယ်ဒေသခံတွေလည်း အဲဒီလုပ်ငန်းမှာ ငွေကြေးထည့်ဝင်မှုများလာတဲ့ အကြောင်းကို တနင်္သာရီတိုင်းမ်က အခုနှစ် ဖေဖော်ဝါရီလထဲမှာ သတင်းရေးသားဖော်ပြခဲ့ဖူးပါတယ်။
အဲဒီလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ ထားဝယ်ဒေသအတွင်းမှာ လူပြောများလာပြီး အွန်လိုင်းကရော ပြင်ပမှာတွေ့ဆုံပွဲတွေ ကျင်းပပြီး မက်လုံးပေးစည်းရုံးတာတွေကြောင့် ငွေပမာဏအမြောက်အများထည့်ဝင်နေကြတာပါ။
ဒေသခံတွေထဲမှာ တစ်ဦးကို ကျပ်သိန်းထောင်ဂဏန်းအထိ ထည့်ဝင်သူတွေလည်း အများအပြားရှိတာကြောင့် ထားဝယ်ဒေသတစ်ခုတည်းမှာ ငွေကျပ်သိန်းပေါင်းသောင်းဂဏန်းရှိတယ်လို့ မြို့ခံတွေကဆိုပါတယ်။
အခုရက်ပိုင်း Leader လို့ခေါ်တဲ့ တဆင့်ခံဦးဆောင်သူတွေက ဖြန့်ဝေနေတဲ့ အသိပေးစာတစ်စောင်မှာတော့ ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဒေါက်တာညီညီဆွေအပါအဝင် ဦးဆောင်သူတွေဖမ်းဆီးခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။
အဲဒီထုတ်ပြန်စာမှာပဲ ဒေါက်တာညီညီဆွေကို အခုလက်ရှိ အင်းစိန် CID ရုံးမှာ ဖမ်းဆီးထားပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေ၊ ဘဏ်အကောင့်ထဲက ငွေတွေနဲ့ Treading အကောင့်တွေအားလုံးကိုလည်း သိမ်းယူသွားတယ်လို့ ရေးသားထားတာပါ။
ငွေကြေးထည့်ဝင်ထားသူရဲ့ မိသားစုဝင်တစ်ဦးကတော့ ဒေါက်တာညီညီဆွေဟာ အစကတည်းက ပြည်တွင်းမှာမရှိတာကြောင့် အမှန်တကယ် ဖမ်းဆီးခံရတာမဟုတ်ဘဲ ငွေကြေးတွေကို လိမ်လည်ထွက်ပြေးသွားတာသာဖြစ်တယ်လို့ ဆိုပါတယ်။
“၁၅ ရာခိုင်နှုန်းအတိုးက လွန်ခဲ့တဲ့တစ်လလောက်ကတည်းက မရကြတော့ဘူး။ အဲကတည်းက အဖမ်းခံရတယ်လို့ သတင်းလွှင့်ပေမဲ့ လိမ်ပြေးသွားပြီဆိုတဲ့သတင်းက ထွက်ပြီးသား။ သူတို့ တယ်လီဂရမ်တွေမှာလည်း လစ်ထွက်သွားပြီဆိုပြီးပြောနေဆိုနေကြတာပဲ” လို့ ငွေကြေးထည့်ဝင်ထားသူရဲ့ မိသားစုဝင် ထားဝယ်ဒေသခံက ပြောပါတယ်။
ဒေါက်တာညီညီဆွေရဲ့ လက်အောက်က ဦးဆောင်သူတွေနဲ့ ဒေသအလိုက် တဆင့်ခံဦးဆောင်သူတွေရဲ့ ဖေ့ဘုတ်လူမှုကွန်ယက်အကောင့်တချို့ လက်ရှိမှာရှာလို့မရတော့ တချို့ကတော့ ပရိုဖိုင်ပိတ်ထားတာကိုတွေ့ရပါတယ်။ အလားတူ တဆင့်ခံဦးဆောင်သူတွေဖွင့်ထားတဲ့ တယ်လီဂရမ် Group တချို့လည်း မတွေ့ရတော့ပါဘူး။
အဲဒီလုပ်ငန်းမှာ သာမန်အရပ်သားတွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေ၊ ရုံးဝန်ထမ်းတွေ၊ သံဃာတော်တွေ၊ CDM ပြုလုပ်ထားသူတွေ၊ တော်လှန်ရေးမှာပါဝင်နေသူတွေနဲ့ စစ်ဘေးရှောင်တွေ အားလုံးထည့်ဝင်ထားကြတယ်လို့လည်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဦးဆောင်သူတွေဘက်က ဖြန့်ဝေနေတဲ့စာမှာတော့ ဒေါက်တာညီညီဆွေရဲ့ အမှုကိစ္စတွေပြီးတဲ့နောက်မှာ အချိန် ၃ နှစ်ကနေ ၄ နှစ်အတွင်း ငွေထည့်ဝင်ထားသူတွေရဲ့ ထည့်ဝင်ငွေနဲ့ အမြတ်ငွေတွေကို ချေးငှားပြီး ပြန်လည်ပေးချေသွားမယ်လို့ ရေးသားထားပါတယ်။
နိုင်ငံတကာ ငွေကြေးအရောင်းအဝယ်အကြောင်း နားလည်တက်ကျွမ်းပြီး ကိုယ်တိုင်လည်းလုပ်နေသူတစ်ဦးကတော့ အစကတည်းက လိမ်ဖို့စတင်ထားတဲ့လုပ်ငန်းဖြစ်တာကြောင့် ထည့်ဝင်ထားတဲ့ငွေတွေဟာ ပြန်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
“ဆုံးပြီပေါ့ဗျာ။ ဒါတွေအရင်ကတည်းက ဖြစ်နေကျပဲ။ Scan တွေရဲ့ သဘောတရားအားဖြင့်ကတော့ နယ်ဘက်ကိုရောက်လာတယ်ဆိုရင်ကို မကြာခင် လိမ်ပြေးတော့မယ်ဆိုတာသိနေတာပဲ။ အဓိကကတော့ ရန်ကုန်တို့လို့ မြို့ပေါ်မှာကုန်သွားလို့ နယ်ဘက်ရောက်လာတာကိုး။ ဆိုတော့ သူတို့ဘာပဲပြောပြာ ဒါလိမ်တာပဲလေ။ အချိန်ဘယ်လောက်ကြာရင်ပြန်ပေးမယ်တို့ဘာတို့ ဆိုတာကလည်း ပြေးဖို့အချိန်ဆွဲတာလောက်ပဲ” လို့ ငွေကြေးအရောင်းအဝယ်အကြောင်း နားလည်တက်ကျွမ်းသူကပြောပါတယ်။
လက်ရှိအချိန်ထိ တဆင့်ခံခေါင်းဆောင်ဆိုသူတချို့ကတော့ ဒေါက်တာညီညီဆွေကို ယုံကြည်ဖို့ အွန်လိုင်းကတဆင့်စည်းရုံးတာတွေ လုပ်ဆောင်နေတာတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။
အခုလို စတော့ရှယ်ယာနဲ့ ငွေကြေး Trading အမည်ခံ ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာရှိတဲ့ လူအများအပြားဆီကနေ ငွေကျပ်ဘီလီယံနဲ့ချီ လိမ်လည်ထွက်ပြေးသွားတဲ့ ဖြစ်စဥ်တွေ အရင်ကလည်း အကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ်။
Forex Exchange လို့ ခေါ်တဲ့ နိုင်ငံတကာငွေကြေးအရောင်းအဝယ်လုပ်တဲ့စျေးကွက်ဟာ အမှန်တကယ်ငွေကြေးအရောင်းအဝယ်ပြုလုပ်လို့ရတဲ့နေရာဖြစ်ပြီး လိမ်လည်သူတွေဟာ အဲဒီအမည်ကို အသုံးချလိမ်လည်နေကြတာပဲဖြစ်ပါတယ်။
The Tanintharyi Times