ထီးခီးနယ်စပ်စခန်းကနေ ထိုင်းဘက်ကိုထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၄၀ ကျော်ပြီလို့ KNU ပြော
ထီးခီးနယ်စပ်စခန်းကနေ ထိုင်းဘက်ကိုထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၄၀ ကျော်ပြီလို့ KNU ပြော

ထိုင်း-မြန်မာနယ်စပ်က စစ်ကာင်စီရဲ့ထီးခီးနယ်စပ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်နေတာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သား ၄၀ ကျော်ပြီလို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူးပဒိုအယ်နားကပြောပါတယ်။
ထီးခီးနယ်စပ်စခန်းဟာ ထားဝယ်မြို့နယ် အရှေ့တောဒေသက ထီးခီးကုန်သွယ်ရေးနယ်စပ်ဂိတ်အနီး နှစ်နိုင်ငံ နယ်စပ်မျဥ်းပေါ်မှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ အခိုင်အမာစခန်းတစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတတိယပတ်မှာ နယ်စပ်အနီးက ထီးထဗျူဟာစခန်းကို KNU နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထီးခီးနယ်စပ်စခန်းကိုလည်း ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ အခုလ ၂ ရက်နေ့ကစပြီး ဒီနေ့အထိ ငါးရက်အတွင်း ထီးခီးစခန်းက ရဲနဲ့စစ်သား ၄၀ ကျော်ဟာ ထိုင်းနိုင်ငံ နယ်စပ်မျဥ်းကို ဖြတ်ကျော်ပြီး ထွက်ပြေးသွားပြီး သူတို့ကို ထိုင်းဘက်ကဖမ်းဆီးထားတယ်လို့ ပဒိုအယ်နားကဆိုပါတယ်။
“စခန်းကနယ်စပ်မှာရှိတယ်လေ။ အဲဒါ ထိုင်းဘက်ကိုပြေးတော့ ထိုင်းဘက်ကတော့ဖမ်းရမှာပေါ့။ တချို့ကလက်နက်ပါတယ်ပေါ့။ လေးဆယ်ကျော်ဆိုတာက တစ်ရက်ကို ရှစ်ယောက်၊ တစ်ရက်ဆယ်ယောက် အဲလိုပြေးတယ်”လို့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။

ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ နယ်စပ်က ထိုင်းစစ်တပ်ကိုဆက်သွယ်ပြီးမှ ထွက်ပြေးတာဖြစ်တယ်လို့ ထီးခီးနယ်စပ်မှာ နေထိုင်သူတွေက ဆိုပါတယ်။
လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေမှာလည်း ထိုင်းအာဏာပိုင်တွေက ဒဏ်ရာရရှိနေတဲ့ စစ်ကောင်စီတပ်သားတချို့ကို ဆေးကုသပေးထားပြီး လက်နက်တွေကိုသိမ်းဆည်းထားတာကိုတွေ့ ရပါတယ်။
ထီးခီးစခန်းကိုတော့ တော်လှန်ရေးတပ်တွေဘက်က လက်ရှိအချိန်ထိ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ စခန်းမသိမ်းနိုင်သေးပေမဲ့ စစ်ကောင်စီဘက်က ရေရှည်တောင့်ခံဖို့ မလွယ်ဘူးလို့ KNU ဘက်ကဆိုပါတယ်။
“စကစစစ်သားတွေက ထွက်ပြေးမှာပေါ့။ နယ်စပ်မှာရှိနေချိန် သူတို့ကဘာမှ စစ်ကူလည်းမရှိဘူး၊ စားစရာလည်း သိပ်မရှိဘူး။ ရေတွေမီးတွေအကုန်လုံပဲ။ ရေရှည် သူတို့နေလို့ မရဘူးပေါ့” လို့ ပဒိုအယ်နားက ဆက်ပြောပါတယ်။
တိုက်ပွဲအခြေအနေအသေးစိတ်ကို မသိရသေးပေမဲ့ စစ်ကောင်စီတပ်သား ဆယ်နဲ့ချီသေဆုံးမှုရှိနေသလို တော်လှန်ရေးတပ်တွေဘက်ကလည်း ရဲဘော်တချို့ ထိခိုက်ကျဆုံးတာရှိတယ်လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့လ ၁၉ ရက်နေ့က ထီးထစခန်းကိုစစ်ကူပို့လို့မရတော့တာကြောင့် စစ်ကောင်စီတပ်သား ၆၀ ကျော်ကို ထီးခီးစခန်းဆီ ရဟတ်ယာဥ်သုံးစီးနဲ့ ပို့ဆောင်ထားပါတယ်။
အဲဒါကြောင့် ထီးခီးစခန်းမှာ စစ်ကောင်စီတပ်သား ၁၃၀ ဝန်းကျင်လောက်အထိရှိနေတယ်လို့ ပဒိုအယ်နားကဆိုပါတယ်။
ထားဝယ်မြို့ဘက်က စစ်ကောင်စီတပ်သား ၂၀၀ လောက်ကလည်း ထီးခီးနယ်စပ်ဘက်ကို ဦးတည်ဝင်ရောက်နေပြီး လက်ရှိမှာတော့ ထားဝယ်-ထီးခီးလမ်းပေါ်က ဝကုန်းနဲ့ ဘဝပင်ကျေးရွာတစ်ဝိုက်ကို ရောက်ရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
လက်ရှိ တိုက်ပွဲတွေကြောင့် ထီးခီးရွာတစ်ဝိုက်က ဒေသခံ ရာဂဏန်းလောက်ဟာ နယ်စပ်မျဥ်းနဲ့ကပ်ရက်မှာ စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထားဝယ်ဒေသမှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလကစလို့ စစ်ရေးအရှိန်မြင့်လာခဲ့ပြီး ထီးထဗျူဟာစခန်းနဲ့ ရန်ကုန်-ထားဝယ်လမ်းပေါ်က ဟားလီးကွေ့စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်တိုက် သိမ်းပိုက်ထားပါတယ်။

The Tanintharyi Times