သကျက်တောနယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ အနီးအနားတဝိုက်ကိုနယ်မြေရှင်းလင်းနေ

သကျက်တောနယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ အနီးအနားတဝိုက်ကိုနယ်မြေရှင်းလင်းနေ

လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာက ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားအင်အားထပ်တိုးချထားပြီး အနီးအနားတဝိုက်ကို နယ်မြေရှင်းလင်းတာမျိုးလုပ်နေတယ်လို့ရွာခံတွေထံကနေသိရပါတယ်။

ရွာခံအားလုံးနီးပါးကတော့ နီးစပ်ရာကိုထွက်ပြေးတိမ်းရှောင်နေရာကနေ ပြန်လည်ရောက်ရှိလာပေမယ့် ကြောက်လန့်နေဆဲဖြစ်တယ်လို့သိရပါတယ်။

“အိမ်ပြန်ရောက်နေကြပေမယ့် အသံတောင်ကျယ်ကျယ်မထွက်ရဲသေးဘူး။ မနက်ကလည်းစစ်သားတွေ စျေးရှေ့ကဖြတ်သွားတော့ အကုန်ထပြေးရသေးတယ်”လို့ ရွာခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်သားတချို့ စခန်းမှာနေခဲ့ပြီး အင်အား ၃၀ ဝန်းကျင်ကတော့ လက်နက်အပြည့်အစုံနဲ့ အနီးအနားကရွာတွေဘက် နယ်မြေရှင်းလင်းတဲ့ပုံစံသွားလာနေကြတယ်လို့သိရပါတယ်။

“အခုလက်ရှိရွာထဲမှာခြောက်ကပ်နေတာပဲ ။ ဆိုင်တွေလည်းအကုန်ပိတ်ထားတယ်။ ရဲစခန်းနဲ့လူနေအိမ်တွေနဲ့ကကပ်နေတော့ ဘာများလာလုပ်မလဲကြောက်တာပေါ့” လို့ရွာခံကဆက်ပြော ပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ရွာသား ၅ဦးကို စစ်ကောင်စီတပ်သားတွေဖမ်းဆီးခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ပြန်လည်လွှတ်ပေးလိုက်တယ်လို့လည်းသိရပါတယ်။

မေလ ၅ ရက်နေ့ ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာ အချိန်၆နာရီကြာနှစ်ဖက် လက်နက်ကြီး၊ ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ကျဆုံးမှုအသေးစိတ်ကိုတော့မသိရသေးပါဘူး။