မြဝတီက တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို ထွက်ပြေးတဲ့ စစ်ဘေးရှောင်တွေထဲမှာ ကလေး ၈၀၀ ခန့် ပါဝင်
မြဝတီက တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို ထွက်ပြေးတဲ့ စစ်ဘေးရှောင်တွေထဲမှာ ကလေး ၈၀၀ ခန့် ပါဝင်
မြဝတီမြို့က ကာစီနိုလောင်းကစားရုံတွေ တည်ထားတဲ့ ရွှေကုက္ကိုလ်အနီး ဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် ထိုင်းဘက်အခြမ်းကို ထွက်ပြေးတဲ့ စစ်ဘေးရှောင်တွေထဲမှာ ကလေး ၈၀၀ ခန့် ပါဝင်တယ်လို့ Thai PBS က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၅ ရက်နဲ့ ၆ရက်နေ့မှာ ကရင်နယ်ခြားစောင့်တပ် BGF ကင်းစခန်းတွေကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဉ် ၂ စင်းနဲ့ ပစ်ခဲ့ပါတယ်။
ဒါကြောင့် မြန်မာဘက်ခြမ်းက ဒေသခံ ၅၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံအနောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်နဲ့ မဲရမတ် ခရိုင်တွေမှာ ယာယီခိုလှုံဖို့ ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်လို့ Thai PBS ဖော်ပြပါတယ်။
တိုက်ပွဲတွေဟာ မနေ့ကအထိဆက်လက် ဖြစ်ပွါးနေဆဲဖြစ်ပြီး သေနတ်သံတွေကို ထိုင်းဘက်ခြမ်းကနေတောင် ကြားရတယ်လို့ မဲဆောက်အာဏာပိုင်တွေက ပြောပါတယ်။
မောင်းပြန်သေနတ်သံတွေနဲ့ ပေါက်ကွဲသံတွေကို ထိုင်းနယ်စပ်ကနေ ရံဖန်ရံခါကြားနေရပြီး တရုတ်စီးပွားရေးသမားတွေ လုပ်ကိုင်နေတဲ့ ရွာတစ်ရွာကို မော်တာကျည်တစ်ခု ထိမှန်ခဲ့တယ်လို့ ထိုင်းလုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ထွက်ပြေးနေရတဲ့သူတွေထဲမှာ ကလေးသူငယ်တွေအပါအဝင်သက်ကြီးရွယ်အိုတွေလည်း ပါဝင်တာမို့ အစားအသောက်နဲ့ဆေးဝါးတွေ လိုအပ်နေတယ်လို့ ထိုင်းဒေသအခြေစိုက်မီဒီယာတွေက သတင်းရေးသားထားပါတယ်။
ထိုင်းဘက်ကဖော်ပြတဲ့ သတင်းတွေမှာတော့ စစ်ရှောင်ပြေးတဲ့ မြန်မာနိုင်ငံသားတွေကို လက်နက်ကိုင် ထိုင်းစစ်တပ်ဘက်က လုံခြုံရေး ယူပေးနေတာ တွေ့ရပြီ၊ စားစရာတွေ ဝေငှနေတဲ့ ပုံတွေလည်း မြင်တွေ့ရပါတယ်။
Thai PBS သတင်းအရတော့ မြဝတီမှာ တိုက်ပွဲစတင်ဖြစ်ပွားကတည်းက ထိုင်းဘက်မှာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ပူးပေါင်းထားတဲ့ စခန်းကုန်း ၅ ကုန်းကို သိမ်းပိုက်ခဲ့ပြီး BGF ဘက်က သေဆုံးသူ ၈၅ ဦ်းနဲ့ ဒဏ်ရာရရှိသူ ၆၀ကျော်ရှိကြောင်း လက်နက် ၇၅ လက် သိမ်းဆည်းရရှိကြောင်း၊Lion Battalion က မနေ့က ထုတ်ပြန်ထားပါတယ်။
ထိုင်းဘက်ကနေ ဖမ်းဆီးပြီးနယ်ခြားစောင့်တပ်ကို လွဲပြောင်းပေးခဲ့တဲ့ Lion Battalion အဖွဲ့ဝင် ၃ ဦးထဲက ဒု- စစ်ကြောင်းမှူးကို စစ်ကောင်စီထံလွှဲပြောင်းပြီးနောက် သတ်ဖြတ်လိုက်တယ် ဆိုတဲ့ သတင်းထွက်ပေါ်ပြီးတဲ့နောက်မှာပဲBGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်ဒေသ၊ ထီးဝါးပလော၊ ထီးကော်ထော ကျေးရွာတွေအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ BGF စခန်းတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။


The Tanintharyi Times
