မြန်မာမှာ ရင်းနှီးမြှုပ်နှံမယ့် တရုတ်လုပ်ငန်းရှင်တွေကို ဦးစားပေးမယ်လို့ စစ်ခေါင်းဆောင် ပြော

မြန်မာမှာ ရင်းနှီးမြှုပ်နှံမယ့် တရုတ်လုပ်ငန်းရှင်တွေကို ဦးစားပေးမယ်လို့ စစ်ခေါင်းဆောင် ပြော

မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေကို ဦးစားပေးပြီး ဝန်ဆောင်မှုတွေ ပေးအပ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

တရုတ်နိုင်ငံကို ရောက်နေတဲ့ စစ်ခေါင်းဆောင်ဟာ မနေ့ညနေက ကူမင်းမြို့မှာ ပြုလုပ်တဲ့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ကြောင်း စစ်ကောင်စီ မီဒီယာတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့ ဓာတ်မြေဩဇာထုတ်လုပ်တာ၊ လျှပ်စစ်ကားထုတ်လုပ်တာ၊ ဘိလပ်မြေထုတ်လုပ်တာ၊ သံမဏိထုတ်လုပ်တာ၊ စိုက်ပျိုးရေး မွေးမြူရေး တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်တာ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာ ထုတ်လုပ်တာ၊ စားသုံးဆီ ထုတ်လုပ်ရေးတွေမှာ လာရောက်လုပ်ကိုင်ကြမယ့် တရုတ်စီးပွားရေး လုပ်ငန်းတွေကို အထူးပံ့ပိုးပေးသွားမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက ကျောက်မီးသွေးကနေ ဓာတ်မြေဩဇာ ထုတ်လုပ်တဲ့ လုပ်ငန်းကို မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံရင် ဘယ်လိုအခြေအနေရှိသလဲ ဆိုတာ အပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွအပေါ် အစိုးရက ဘယ်လို ဖြေရှင်းပေးနိုင်သလဲ ဆိုတဲ့ အခြေအနေတွေကို မေးမြန်းတာတွေလည်း ရှိတယ်လို့ စစ်ကောင်စီ မီဒီယာက ဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ကျောက်မီးသွေးကနေ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းမှာ လာရောက်ရင်းနှီးလိုမှုကို နိုင်ငံတော်အဆင့် စီမံကိန်းအဖြစ် သတ်မှတ်ပြီး လိုအပ်တဲ့ ကွင်းဆင်းလေ့လာခြင်းနဲ့ လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ပေးနေတယ်လို့ စစ်ခေါင်းဆောင်နဲ့အတူ လိုက်ပါသွားတဲ့ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဖိတ်ခေါ်ချက်မှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ စိုက်ပျိုးရေးကဏ္ဍမှာ ဇီဝနည်းပညာသုံး စိုက်ပျိုးရေးစနစ်နဲ့ အေးခဲအသားထုတ်လုပ်တဲ့ မွေးမြူရေးလုပ်ငန်းကိုပါ လာရောက်လုပ်ကိုင်ကြဖို့ ဖိတ်ခေါ်ထားပါသေးတယ်။

လက်ရှိ မြန်မာပြည်တွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ စိုက်ပျိုးရေးကဏ္ဍက အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်နဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းမှာ အမေရိကန်ဒေါ်လာ ၅၃ သန်းကျော် ရှိနေပြီး နောက်ထပ်ပိုရင်းနှီးမြှုပ်နှံကြဖို့ကို စစ်ခေါင်းဆောင်က ထပ်မံတောင်းဆိုခဲ့တာပါ။

တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်ရေးကိုလည်း စစ်ခေါင်းဆောင်က ပြန်လည်စတင်လုပ်ကိုင်လိုတာကြောင့် နယ်စပ်ဒေသကို နယ်မြေစိုးမိုးထားတဲ့ တော်လှန်ရေးအင်အားစုတွေကို တရားမဝင်ကုန်သွယ်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေအဖြစ် သုံးနှုန်းပြောဆိုခဲ့ပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကို ဒီမိုကရေစီအရေး၊ လူမျိုးစုအရေး ရုပ်ပြအသုံးပြုပြီး စစ်ဘုရင်ဝါဒပြန်လည်အသက်သွင်းနေသူတွေအဖြစ် အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ကို တရုတ်လုပ်ငန်းရှင်တွေကို ပြောခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်ဘက်က တတ်နိုင်သရွေ့ ဝိုင်းဝန်ပူးပေါင်းပေးဖို့ဆိုတာကိုပါ တောင်းဆိုခဲ့ပါတယ်။

တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနဲ့ လုပ်ငန်းလုပ်ကိုင်ရာမှာ လွယ်ကူချောမွေ့စေဖို့ဆိုပြီး ကုန်သွယ်မှု နယ်စပ်ငွေလွှဲပြောင်းပေးချေမှု ရင်းနှီူးမြှုပ်နှံမှုတွေမှာ ယွမ်-ကျပ် တိုက်ရိုက်ငွေပေးချေစနစ်ကိုလည်း လုပ်ဆောင်နေတဲ့အကြောင်း တရုတ်လုပ်ငန်းရှင်တွေကို ပြောဆိုခဲ့ပါသေးတယ်။

၂၀၂၃-၂၀၂၄ ကုန်သွယ်မှု သွင်းကုန်/ပို့ကုန် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၈,၀၀၀ ကျော် ရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး၊ ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး ဒါက အာဏာသိမ်းကာလနောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်လည်း ဖြစ်ပါတယ်။

The Tanintharyi Times