ပုလောက ကျောက္ကာရွာမှာ အရပ်သားတွေကို အကန့်အသတ်နဲ့ ဆန်ရောင်းခွင့်ပြန်ပေး
ပုလောက ကျောက္ကာရွာမှာ အရပ်သားတွေကို အကန့်အသတ်နဲ့ ဆန်ရောင်းခွင့်ပြန်ပေး

ပုလောမြို့နယ်ထဲက ကျွန်းပေါ်မှာရှိတဲ့ ကျောက္ကာရွာအုပ်စုထဲက ရွာတစ်ရွာမှာ အရပ်သားတွေဆန်ရောင်းခွင့် ပြန်ရပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက္ကာကျေးရွာအုပ်စုမှာ ရာဇကြိုရွာ၊ သဂျက်ကမ်းရွာ၊ ကျောက္ကာရွာ ဆိုပြီး ရွာသုံးရွာရှိပါတယ်။ အဲ့ဒီရွာတွေမှာ အရပ်သားတွေ ဆန်ရောင်းခွင့်ကို ပြီးခဲ့တဲ့လ တတိယအပတ်ကစပြီး ပိတ်ပင်ကာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကပဲ အိမ်ထောင်စုတစ်စုကို ဆန် ၃ ပြည်နှုန်းနဲ့ ရောင်းချပေးခဲ့တာပါ။
အဲဒီလိုရောင်းချပေးနေရာကနေ ကျောက္ကာရွာတစ်ခုတည်းမှာပဲ အရပ်သားတွေကို ဆန်ရောင်းဖို့ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်မှာပဲ ပြန်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ခွင့်ပြုမိန့်မှာတော့ အိမ်ထောင်စုတစ်စုကို ဆန် ၅ ပြည်သာရောင်းချပေးရမယ်ဆိုတဲ့ ကတိကဝတ်ပါရှိပါတယ်။
ကျန်တဲ့နှစ်ရွာမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံကနေ အိမ်ထောင်စုတစ်စုကို သုံးပြည်နှုန်းနဲ့ဝယ်နေရတုန်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နှစ်နှစ်လလ ဒါတွေပဲရောင်းချပြီး လုပ်ကိုင်စားသောက်လာတာ အခုမရောင်းရတော့ဘူးဆိုတော့ ဘယ်လိုလုပ်ရမယ်ဆိုတာမျိုးတွေပြောပြီး နားချတယ်။ အများကညီနေတော့ ရွာသားတွေကို လိုက်လျောပေးလိုက်တဲ့ပုံမျိုးပဲ။” လို့ ကျောက္ကာရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရွာခံတွေ အစည်းအဝေးလုပ်တဲ့အချိန်မှာ ကန့်ကွက် တောင်းဆို လိုက်တဲ့အတွက် အခုလို ခွင့်ပြုချက် ရရှိခဲ့တာလို့ သိရပါတယ်။ သက်ဆိုင်ရာကျေးရွာအလိုက် အိမ်ထောင်စုတစ်စုကို ကန့်သတ်ထားတဲ့ဆန်ပမာဏအတိုင်းသာ ဝယ်ရမှာဖြစ်ပြီး ဝယ်ယူနိုင်တဲ့ ရက်ကိုတော့ ကန့်သတ်ထားတာမျိုး မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက္ကာရွာသားနောက်ထပ်တစ်ဦးက “သဂျက်ကမ်းနဲ့ မချမ်းအေးကမ်းရွာ(ရာဇကြိုရွာ)တွေမှာက ရွာလူကြီးဆိုရင် တော်တော်ကြောက်ကြတယ်။ အေးရာအေးကြောင်းဆိုပြီးပဲ နေနေကြတာ။ အာဏာရှင်တွေကလည်း ဒါကိုပဲလိုနေတာနဲ့ အကိုက်ဖြစ်နေတယ်။” လို့ ပြောပါတယ်။
ကျောက္ကာကျေးရွာအုပ်စုမှာ ဆန်ကြမ်းတစ်ပြည်ကို ၃၇၀၀ ကျပ်၊ ဆန်ချောတစ်ပြည်ကို ၅၈၀၀ ကျပ် နဲ့ ပေးဝယ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကျေးရွာအုပ်စုနဲ့ ကုန်းလမ်းရေလမ်း ၈ မိုင်လောက်သာဝေးတဲ့ ပလမြို့မှာတော့ ဆန်ကြမ်းတစ်ပြည်ကို ၃၂၀၀ ကျပ်၊ ဆန်ချောတစ်ပြည်ကို ၄၀၀၀ ကျပ် ရှိပါတယ်။
ဆန်ပမာဏ အကန့်အသတ်အပြောင်းအလဲနဲ့ ပြန်လည်ရောင်းချခွင့်ပြုလိုက်ပေမယ့် ရေလုပ်ငန်းကိုသာလုပ်ကိုင်ကြတဲ့ ကျွန်းစုပေါ်က ကျောက္ကာကျေးရွာအုပ်စုက ဒေသခံတွေကတော့ ခက်ခဲနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “အမြဲပူပန်နေရတယ်။ အရင်ကဆို ဆန်အိတ်အရေအတွက် ဘယ်လောက်လိုလို ပိုက်ဆံရှိရင်ဝယ်သိုထားလို့ရတယ်။ လှေထွက်ရင်လိုသလောက်တင်သွားလိုက်ရုံပဲ။” လို့ ပြောပါတယ်။
ရေလုပ်ငန်းလုပ်ကိုင်သူတွေဟာ လုပ်ငန်းအပေါ်မူတည်ကာ ပင်လယ်ပြင်မှာ ရက်တို၊ ရက်ရှည်နေကြရတာဖြစ်သလို လှေအရွယ်အစားလိုက် လုပ်သားအင်အားပေါ်မူတည်ပြီးလည်း ဆန်တွေကို လုံလုံလောက်လောက် သယ်ယူရတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျေးရွာ သုံးရွာရှိတဲ့ ကျောက္ကာကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၁,၁၁၅ စုရှိပြီး ပုလောမြို့နယ် အတွင်း ပင်လယ်ကမ်းရိုးတန်းမှာ တစ်သီး တစ်ခြားတည်ရှိနေတဲ့ ကျွန်းပေါ်က ကျေးရွာတွေဖြစ်ပါတယ်။
The Tanintharyi Times