ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပမယ့်နေရာမှာ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်

ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပမယ့်နေရာမှာ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်

ပုံစာ - သပိတ်မျှောပွဲကျင်းပဖို့ ပြင်ဆင်ထားတဲ့နေရာ။ ဓာတ်ပုံ - ထားဝယ်လူမျိုး

မနက်ဖြန်အာရုဏ်တက်ချိန်မှာကျင်းပမယ့် ထားဝယ်ရိုးရာသပိတ်မျှောပွဲနေရာမှာ ဒီကနေ့ နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တယ်လို့ မြိုခံတွေက ပြောပါတယ်။

သပိတ်မျှောပွဲကျင်းပမယ့် ထားဝယ်မြို့၊ ကမ်းနားလမ်းက သဲကွင်းနဲ့ မြစ်ထဲက ရေလယ်ကျွန်းဘက်မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်က သေနတ် ပစ်ခတ်သံတွေ ၁၀ မိနစ်နီးပါးထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

“နှစ်ဖက်ပစ်တာလို့ ထင်တယ်။ ကြားတာတော့ သေနတ်သံ သီးသန့်ပဲ။ တစ်ချက်ချင်း ဟိုဘက်ဒီဘက်လိုမျိုးပစ်နေတာ” လို့ အနီးအနားမှာ ရှိနေတဲ့ ထားဝယ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

သေနတ်ပစ်ခတ်သံထွက်ပေါ်ပြီးနောက်မှာတော့ စစ်သားတွေက ဆိပ်ကမ်းသာပန်းခြံကနေ ဆိပ်ကမ်းသာမင်္ဂလာခန်းမနားအထိ အင်အား ၃၀ လောက်နဲ့ လုံခြုံရေးချထားပြီး ကြက်စားပြင်ရပ်ကွက်ဘက်ကိုလည်း စစ်ကားနှစ်စီးမောင်းနှင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၆ ရက်နေ့အာရုဏ်တက်အချိန်မှာ ကျင်းပမယ့် ထားဝယ်ရိုးရာသပိတ်မျှောပွဲကို အရင်ကနဲ့မတူဘဲ သပိတ်အိုးတွေကို ‌ရေထဲကို စက်နဲ့မျှောနိုင်အောင် စီစဥ်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် သပိတ်မျှောပွဲကျင်းပမယ့်နေရာကိုလည်း ငွေကြေးအများအပြားအကုန်အကျခံကာ ပြင်ဆင်မှုတွေလုပ်ဆောင်ထားပြီး သပိတ်မျှောပွဲနေ့မှာ ဖျော်ဖြေ‌ရေးအစီအစဥ်၊ မီးပုံးလွှတ်တဲ့အစီအစဥ်နဲ့ စတုဒီသာအစီအစဥ်‌တွေလည်း လုပ်ဆောင်မှာဖြစ်တယ်လို့ မြို့ ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်တပ်ဘက်ကတော့ သပိတ်မျှောပွဲအတွက် ညမထွက်ရအမိန့်ကို နှစ်ရက်ရုတ်သိမ်းတယ်လို့ မြို့ထဲမှာ ကားနဲ့လိုက်ကြေညာနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနစ်ကစလို့ ‌သပိတ်မျှောပွဲကို စစ်တပ်က ဦးဆောင်ကျင်းပနေပေမဲ့ ဒေသခံတွေ ပါဝင်ဆင်နွဲသူမရှိသလောက်ဖြစ်ခဲ့‌ပြီး ဒီ‌နှစ်မှာတော့ အရင်နှစ်တွေကနဲ့မတူဘဲ ပါဝင်ဆင်နွဲသူတွေနဲ့ စည်ကားနိုင်တယ်လို့ ခန့် မှန်းနေကြပါတယ်။

“မနေ့ညကတည်းကတောင် လူသွားလူလာတော်တော်စည်နေတယ်။ ဒီနှစ်က အကြီးအကျယ်လည်း ပြင်ဆင်ထားတယ်လေ” လို့ ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်စစ်တပ်က ဦးဆောင်ပြီး ပြန်လည်ကျင်းပခဲ့တဲ့ ၂၀၂၃ နဲ့ ၂၀၂၄ နှစ်နှစ် စလုံးမှာလည်း သပိတ်မျှောပွဲမတိုင်ခင်ရက်တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

The Tanintharyi Times