ထိုင်းမှာ မူကြိုကျောင်းကို သေနတ်နဲ့ဝင်ပစ်လို့ ကလေးအများစု အပါအဝင် ၃၄ ဦး သေဆုံး

ထိုင်းမှာ မူကြိုကျောင်းကို သေနတ်နဲ့ဝင်ပစ်လို့ ကလေးအများစု အပါအဝင် ၃၄ ဦး သေဆုံး

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ နွန်ဘူရာလမ်ဖူ ပြည်နယ်မှာ မူကြိုကျောင်း တစ်ကျောင်းကို သေနတ်သမားက ဝင်ရောက်ပစ်ခတ်လို့ ကလေးငယ်အများစု အပါအဝင် အနည်းဆုံး ၃၄ ဦး သေဆုံးသွားကြောင်း ထိုင်းသတင်းတွေက ဆိုပါတယ်။

လက်ရှိအချိန်ထိ စုံစမ်းမှုအရ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေထဲမှာ ကလေးငယ် ၂၃ ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြား ရှိတယ်လို့ ထိုင်းရဲက ဆိုပါတယ်။

ဒီနေ့ ကြာသပတေးနေ့မှာ ဖြစ်ပွားတဲ့ အဲဒီဖြစ်စဉ်မှာ သေနတ်သမားဟာ အသက် ၃၄ နှစ်အရွယ် ရဲအရာရှိဟောင်း ဖြစ်ပြီး မူကြိုကျောင်းကို ဝင်ပစ်အပြီးမှာ ကိုယ်တိုင်သေနတ်နဲ့ ပစ်ခတ် အဆုံးစီရင်သွားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

သူဟာ အဲဒီလို အဆုံးမစီရင်ခင် ဇနီးနဲ့ ကလေးတွေကို အရင်သတ်ပြီးမှ သူ့ကိုယ်သူ အဆုံးစီရင်တာလို့လည်း ဖော်ပြနေကြပြီး အသေးစိတ် မသိရသေးပါဘူး။

ပန်ညာ ခမ်ရပ်ပ် ဆိုတဲ့ အဲဒီ သေနတ်သမား ရဲအရာရှိဟောင်းဟာ ယခင်နှစ်က မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိ-မရှိ စစ်ဆေးရာမှာ ဆေးမအောင်လို့ ထိုင်းရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး မနက်ဖြန်မှာ အဲဒီအမှုအတွက် ရုံးချိန်း ရှိနေတယ်လို့ သိရပါတယ်။

ကနဦး သတင်းတွေမှာတော့ သူဟာ ကားတစ်စီးနဲ့ ထွက်ပြေးလွတ်မြောက်နေပြီး တွေ့ရင် တယ်လီဖုန်းကဖြစ်စေ ဆိုရှယ်မီဒီယာကဖြစ်စေ သတင်းပေးကြဖို့ ရဲတပ်ဖွဲ့က ထိုင်းပြည်သူတွေကို တိုက်တွန်း နှိုးဆော်ထားကြောင်း ဖော်ပြပါတယ်။

အရှေ့တောင်အာရှ ဒေသမှာ လူအများအပြား သေဆုံးတဲ့ ဖြစ်ရပ်အနေနဲ့ ယခင်ရက်ပိုင်းကလည်း အင်ဒိုနီးရှား ဘောလုံးပွဲ အဓိကရုဏ်းကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးထားပါသေးတယ်။

ကိုးကား – ဘန်ကောက်ပိုစ့်/ Thaiger

The Tanintharyi Times